ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက် ကချင်ပြည်နယ် အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဇခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ပြီး တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်သူ ဦးယောနာကို အစားထိုးလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရ သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကနဦးတွင် အနိုင်ရ ရှိခဲ့သည့် ဦးဇခုန်တိန့်ယိန်းကို ရွေးကောက်ပွဲ မတရားပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုဆို ကာ ဒုတိယ မဲအများဆုံး ရရှိခဲ့သည့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးယောနာနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့ မှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဦးဇခုန်တိန့်ယိန်း အနေနှင့် အဆိုပါ နေ့ရက်မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း၊ ရွေးကောက်ပွဲတွင် ခိုင်လုံမဲ ဒုတိယ အများဆုံး ရရှိခဲ့သူ ဦးယောနာကို ယင်းမဲဆန္ဒနယ်၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ သတ်မှတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၃ဝ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရသူ ဦးဇခုန်တိန့်ယိန်းသည် နယ်ခြားစောင့်တပ်ဖြစ်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၏ ခေါင်းဆောင် ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အနိုင် ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မြေ၌ ဦးဇခုန်တိန့်ယိန်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနာတို့ ယှဉ်ပြိုင်ခဲ့ပြီး ဦးဇခုန်တိန့်ယိန်းက ဆန္ဒမဲ ငါးထောင်ကျော်၊ ဦးယောနာက ၂၆ဝဝ ကျော် ရရှိခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အဆိုပါ မဲဆန္ဒနယ်မြေအတွင်းရှိ ကျေးရွာအချို့တွင် အခြား ကိုယ်စားလှယ်များ မဲဆွယ် စည်းရုံးနိုင်ခြင်း မပြုနိုင်ရန် တားမြစ်ခဲ့မှုများကြောင့် တရားမျှတသော ရွေးကောက်ပွဲကို ပျက်ပြယ်စေရန် လုပ်ဆောင်ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သည်ဟုဆိုကာ ရွေးကောက်ပွဲ အပြီးတွင် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုကို ပြီးခဲ့သည့် ဇွန်လကတည်းက အမိန့် ချမှတ်ခဲ့သော်လည်း ဦးဇခုန်တိန့်ယိန်းက အယူခံဝင်ခဲ့ရာ ၎င်းအယူခံကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၃ဝ ရက်နေ့တွင်မှ ငြင်းပယ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲ ခုံရုံးများသို့ ရောက်ရှိခဲ့သည့် ကန့်ကွက်လွှာ အမှုများအနက် ၁၉ မှုကို အပြီးသတ် အမိန့် ချမှတ်ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံမှ သိရသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သေးသည်။
Source : http://goo.gl/Mh6qUm
via IFTTT
No comments:
Post a Comment