လစ်သူရေးနီးယားမှ ယူကရိန်းနိုင်ငံသို့ ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးအပ် လစ်သူရေးနီးယားတပ်မတော်တွင် ကာလရှည်ကြာစွာ သုံးစွဲခြင်း မရှိသေးသော ပြောင်းဝအကျယ် ၅ ဒသမ ၄၅ မီလီမီတာရှိ ပြုပြင် မွမ်းမံမှုအမျိုးမျိုး ပြုလုပ်ထားသော ကလက်ရှနီကော့ဗ် အေကေ-၄၇ ရိုင်ဖယ်သုံး ကျည်အများစု အပါအဝင် ခဲယမ်းမီးကျောက် တန်ချိန် ၁၅ဝ ခန့်အား ယူကရိန်းနိုင်ငံသို့ စက်တင်ဘာ ၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လစ်သူရေးနီးယား ပူးတွဲစစ်ဦးစီးချုပ်၏ ပြောရေးဆိုခွင့် ရှိသူက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နေတိုး အဖွဲ့ဝင်လည်း ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံ၌ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်စဉ် ကတည်းကပင် အမေရိကန် ဦးဆောင်သော မဟာမိတ်များအား ၎င်း၏ပိုင်နက်နယ်မြေ အတွင်းသို့ ပိုမို ဖြန့်ကြက်ထားခြင်းကို ကြိုဆိုခဲ့သည်။ ၎င်း၏ ပိုင်နက်နယ်မြေအတွင်းသို့ မည်သည့်ကျူးကျော်မှုကို မဆို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယင်းသို့ ခဲယမ်းမီးကျောက်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ယူကရိန်းသည် အထီးကျန်မဟုတ်ကြောင်း မိမိတို့က သတင်းစကား ပါးလိုက်ခြင်းဖြစ်ကြောင်း လစ်သူရေးနီးယား ကာကွယ်ရေးဝန်ကြီး ဂျိုအိုဇက် အိုလေကက်စ်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ၂ဝ၁၄ ခုနှစ် ကတည်းက ဖြစ်ပွားခဲ့သော ယူကရိန်းတပ်မတော်နှင့် ခွဲထွက်ရေးသမားများ၏ တိုက်ပွဲများကြောင့် လူပေါင်း ကိုးထောင်ကျော် သေဆုံးခဲ့ပြီး ခွဲထွက်ရေးသူပုန်အဖွဲ့အား ရုရှားက စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု အနောက်နိုင်ငံများမှ အစိုးရများနှင့်ယူကရိန်း နိုင်ငံတို့က ပြောကြားခဲ့သည်။ လစ်သူရေးနီးယားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ယခင်လက်နက် ပစ္စည်း ထောက်ပံ့မှု ပြုလုပ်ခြင်းများသည် နိုင်ငံတကာ လက်နက် ကုန်သွယ်မှု သဘောတူညီချက်အား ချိုးဖောက်ရာ ရောက်ကြောင်း ၂ဝ၁၅ ခုနှစ် အတွင်းက ရုရှားနိုင်ငံ၏ တိုင်တန်းမှုအား လစ်သူရေးနီးယား နိုင်ငံက ပယ်ချခဲ့သည်။ ရိုက်တာ။
Source : http://ift.tt/2bYXe91
via IFTTT
No comments:
Post a Comment