အီသီယိုးပီးယား အစိုးရက အောက်တိုဘာ ၉ ရက်မှစ၍ တစ်နိုင်ငံလုံးအဆင့် အရေးပေါ် ကြေညာချက် အမိန့်ကို ၆ လကြာ ထုတ်ပြန်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံအတွင်း တရားဥပဒေ ပြန်လည်စိုးမိုးရေး အကောင်အထည်ဖော်ရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဟု ဝန်ကြီးချုပ် ဟိုင်လီမာရီယမ် ဒီဆယ်လန်က အစိုးရ မီဒီယာများကို ပြောကြားခဲ့သည်။ အီသီယိုးပီးယားတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများက အဓိကရုဏ်းအသွင် ပြောင်းလဲလာရာ အစိုးရ အနေဖြင့် ၎င်းတို့ပါတီစတင်၍ အာဏာရလာသည့် ၂၅ နှစ်တာ သက်တမ်းအတွင်း ပထမဆုံးအကြိမ် အရေးပေါ် အခြေအနေ ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ရသည်။ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးဆောင်နေသူများတွင် နိုင်ငံ၏ လူဦးရေ အများဆုံး အိုရိုမော့စ် တိုင်းရင်းသား မျိုးနွယ် အုပ်စုများလည်း ပါဝင်သည်။ ၎င်းတို့သည် အီသီယိုးပီးယား စုစုပေါင်း လူဦးရေ သန်း ၁၀၀ ကျော်၏ သုံးပုံတစ်ပုံမျှထိ ရှိနေကြသူများ ဖြစ်သည်။ ဒီဆယ်လန်က “ဝန်ကြီးကောင်စီ အစည်းအဝေး အပြီးမှာ နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အီသီယိုးပီးယား ပြည်သူတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုတွေကို တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ ကျန်းမာရေး ဌာန၊ စီမံအုပ်ချုပ်ရေး ဌာန၊ တရားဥပဒေ စိုးမိုးရေး ဌာနတွေလို အဆောက်အအုံတွေ ထိခိုက်အောင် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ လုပ်ဆောင်သွားပါမယ်”ဟု ဆိုသည်။ အီသီယိုးပီးယားတွင် အိုရိုမိုခေါ် ပွဲတော်ကာလ ကျင်းပသည့် အောက်တိုဘာ ၂ ရက်မှ စတင်၍ အစိုးရ အတိုက်အခံ လှုပ်ရှားမှုများ ပေါ်ပေါက်လာရာ အနည်းဆုံး လူ ၅၂ ဦးမျှ အသက်ဆုံးရှုံးခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီများက အစိုးရ ထုတ်ပြန်သည့် ကိန်းဂဏန်းများသည် မုသားသက်သက်သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ ကျည်အစစ်များ အသုံးပြု တိုက်ခိုက်သဖြင့် ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။ အစိုးရကမူ ယခုပဋိပက္ခများသည် ပြဿနာမီးမွှေးသည့် အတိုက်အခံများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက အများပြည်သူကို အကာအကွယ်ပေးရန်သာ ဥပဒေအတိုင်း တုံ့ပြန်နေခြင်းဟု တုံ့ပြန် ပြစ်တင်ထားသည်။ Ref: CNN
Source : http://ift.tt/2e6ObIN
via IFTTT
No comments:
Post a Comment