Friday, October 7, 2016


ကန်ထရိုက် စနစ်ဖြင့် အထက်တန်းပြဆရာ ခန့်ထားမည်ကို ကန့်ကွက် ရန်ကုန်၊ အောက်တိုဘာ ၆ အထက်တန်းပြ ဆရာအဖြစ် ခန့်ထားရန် ဘွဲ့ရများကို ကန်ထရိုက် စနစ်ဖြင့် ငှားရမ်းမည်ဆိုခြင်းနှင့် ပတ်သက်၍ ပညာရေးတက္ကသိုလ် ဆရာ အချို့နှင့် ကျောင်းသားများက ကန့်ကွက်ကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား ကိုနောင်ထက်အောင်က The Voice သို့ ပြောကြားသည်။ ယင်းသို့ခန့်ထားရန် ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့ပြီး ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ကျောင်းသားများနှင့် ဆရာအချို့က ကန့်ကွက်ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ ထို့ကြောင့် ဆရာ ခန့်ထားရေး မူဘောင် ရေးဆွဲ ပြီး/ မပြီး၊ ပြီးလျှင် အသိပေးချပြရန်၊ ကန်ထရိုက်စနစ် ဆိုသော အသုံးအနှုန်းကို ကန့်ကွက်ကြောင်းနှင့် နေ့စား/လပေး ဆွဲခန့်ဆရာများ ထပ်မံ မခန့်ထားရေး အချက် သုံးချက်ကို ပညာရေး တက္ကသိုလ် နှစ်ခုမှ ကျောင်းသားများက အောက်တိုဘာလ ၅ ရက်တွင် သမ္မတရုံးသို့ စာပို့ခဲ့ကြောင်း ကျောင်းသားများက ဆိုသည်။ “အခြေခံဆရာ၊ ဆရာမများ ခန့်ထားရေး မူဘောင်ဆိုတာ ရှိလား၊ ရှိရင် ချပြပါ၊ လက်ရှိ ခန့်နေတာကရော အဲ့ဒီ မူဘောင်တွေ အတိုင်းလား၊ ဒါဆို ကန့်ကွက်ပါတယ်၊ မူကြမ်းအဆင့်ဆို ချပြဆွေးနွေးပေးပါ။ မရှိသေးရင် ပညာရှင်တွေ ဖိတ်ခေါ် ဆွေးနွေးပါ။ ကန်ထရိုက်ဆိုတဲ့ စကားရဲ့ သဘော သဘာဝဟာ ပညာရေးမှာသုံးဖို့ မသင့်ကြောင်းနဲ့ ဝန်ကြီးအနေနဲ့ စကား အသုံးအနှုန်း ဆင်ခြင်ဖို့ပါ”ဟု ကိုနောင်ထက်အောင်က ပြောကြားသည်။ ကန့်ကွက် လှုပ်ရှားမှု အနေနှင့် လူမှုကွန်ရက် စာမျက်နှာတွင် “We just want professional teachers!, We don’t want unprofessional jobless!, Stop Contract Teachers” ဟူသော စာများ ရေးသားထားသည့် ဖဲကြိုး စိမ်း လှုပ်ရှားမှုကို ပြုလုပ်နေပြီး ဖေ့စ်ဘွတ်ခ် Blue Mark ရရှိထားသူ၊ အဖွဲ့အစည်းများ၏ ပို့စ်များ အောက်တွင်လည်း လိုက်လံ ဖြန့်ဝေခဲ့ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ အောက်တိုဘာလ ၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးက “တစ်နိုင်ငံလုံးမှာရှိတဲ့ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှာ အထက်တန်း ကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့် ပေးခဲ့တဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တစ်ကျောင်းကို ခုနစ်ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက် စနစ်နဲ့ အထက်တန်းပြ ဆရာအဖြစ်နဲ့ ဖြည့်ဆည်း ပေးဖို့အတွက် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောကြားခဲ့သည်။ ကန်ထရိုက် စနစ်ဖြင့် ငှားရမ်း ခန့်ထားမည်ဆိုခြင်းနှင့် ပတ်သက်၍ စစ်ကိုင်း ပညာရေး တက္ကသိုလ် ပညာရေး စိတ်ပညာဌာန ပါမောက္ခ၊ ဌာနမှူး (အငြိမ်းစား) ဒေါက်တာနုနုဝင်းက ဆရာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု လက်မှတ် ပါ၊ မပါ၊ သက်ဆိုင်ရာ ကျောင်း၏ ကျောင်းအုပ်ကြီးများ၊ အကြီးအကဲ ဆရာများ၊ မိဘများရှေ့တွင် စာသင်နည်း၊ အတန်း ထိန်းနည်းများကို သေသေချာချာ စစ်ဆေးပြီး ခန့်ထားပါက ကောင်းမွန်မည်ဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ “ဒါမှ နိုင်ငံတကာ စံချိန်၊ စံညွှန်းမီတဲ့ ကန်ထရိုက် စာချုပ်နဲ့ ခန့်အပ်နည်း ဖြစ်ပါတယ်။ ကန်ထရိုက် စနစ်ကို ဒီလို နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေ မမီဘဲနဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန် လုပ်ပစ်ပြီး လက်သင့်ရာ စားတော် ခေါ်ကြရင်တော့ မြန်မာ့ပညာရေး ဆက်ပြီး ဂွမ်းဦးမှာပါပဲ။ အားလုံး သတိရှိကြပါစေ”ဟု ဒေါက်တာနုနုဝင်းက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား မျှဝေထားသည်။ ပညာရေး တက္ကသိုလ်များမှ ကျောင်းသားများနှင့် ဆရာအချို့ ကန့်ကွက်နေမှုအပေါ် မည်သို့ တုံ့ပြန်မည်နှင့် ခန့်ထားမည့် စနစ်၊ ရွေးချယ်မည့် မူဝါဒများကို သိရှိရန် ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ အောက်တိုဘာလ ၆ ရက်၊ နံနက် ၁ဝ နာရီခွဲခန့်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လတ်တလော အစည်းအဝေးခန်းအတွင်း ရောက်ရှိနေသောကြောင့် နောက်မှ ပြန်လည် ဆက်သွယ်ရန် ဖြေကြားသည်။ ကန်ထရိုက်စနစ် ခန့်ထားမည်ဆိုခြင်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလ အထက်တန်းကျောင်း အင်္ဂလိပ်စာပြဆရာ ဦးအောင်ကျော်သူက အထက်တန်း ဘာသာရပ်များ အမှန် တကယ် သင်ကြားနိုင်သူများကိုသာ မှန်ကန်သော ရွေးချယ်မှုနှင့် ခန့်ထားခြင်း၊ ဆရာလိုင်စင် ကဲ့သို့ ဘာသာရပ်ဆိုင်ရာ စစ်ဆေးခြင်းများ ထိရောက်စွာ စစ်ဆေးခန့်ထားခြင်း၊ ဘောဂဗေဒ ဘာသာရပ်အတွက် စီးပွားရေး ဘွဲ့ရ သင်ကြားနိုင်သူများကို ဦးစားပေး ရွေးချယ် ခန့်ထားခြင်းဖြစ်သင့်ကြောင်း The Voice သို့ မှတ်ချက်ပြု ပြောကြားသည်။ “အဓိကက ကန်ထရိုက် စနစ်နဲ့ ငှားမယ်ဆိုတော့ ခန့်ထားမယ့်စနစ်၊ ရွေးချယ်တဲ့စနစ် မှန်ကန်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”ဟု ဦးအောင်ကျော်သူက မှတ်ချက်ပြု ပြောကြားသည်။ ထို့ပြင် ပညာရှင်များကို ဖိတ်ခေါ်သည့် အနေနှင့် လက်ရှိ အထက်တန်းပြ လစာနှုန်းထားဖြင့်သာ အမှန်တကယ် စိစစ် ရွေးချယ်ပါက ထိုက်တန်သည့် လစာအရ တတ်ကျွမ်းသူများ ပညာရေး လောကအတွင်း ဝင်ရောက်လာပြီး ပညာရေး ကောင်းမွန်စေရန် စီစဉ်ပေးခြင်း စသည့် မှန်ကန်သော ရွေးချယ် ခန့်ထားမှု ဖြစ်ပါက လက်ခံကြိုဆို ရမည်သာဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။ မန္တလေး တိုင်းဒေသကြီးအတွင်း ယခုပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိမည့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၃၈ ကျောင်းအတွက် အထက်တန်းပြဆရာ ဖြည့်တင်းနိုင်မှု မရှိပါက အထက်တန်းပြ ခုနစ်ဦးစီကို မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ သို့မဟုတ် ဇီဝဗေဒ ဘာသာတွဲနှင့် ကိုက်ညီသူများကို ဒေသန္တရ စာချုပ်ဖြင့် ၂ဝ၁၇ ခုနှစ် မတ်လ ၃ဝ ရက်အထိ နေ့စား ခန့်ထားရန် လျာထားကြောင်း အခြေခံပညာ ဦးစီးဌာန မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး အမည်နှင့် စက်တင်ဘာလ ၂၇ ရက် ရက်စွဲပါ စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။ အဆိုပါ စာတွင် ခန့်ထားရာ၌ လိုက်နာရမည့် အချက်များ အနေနှင့် ကျန်းမာသန်စွမ်းသူ ဖြစ်ရန်၊ ဘွဲ့ရရှိသည့် အထူးပြု ဘာသာရပ်နှင့် သင်ကြားမည့် ဘာသာရပ် ကိုက်ညီမှု ရှိသူဖြစ်ရန်၊ သတ်မှတ်ရက်အထိ တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရန်၊ ဌာန၏ ဝန်ထမ်း စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရန်၊ ကျောင်းတွင် လိုအပ်သည့် ဘာသာရပ်များကိုသာ ခန့်ထားပေးရန်၊ အထက်တန်းပြ ဦးရေ ခုနစ်ဦး မပြည့်သေးပါက လိုအပ်သော ဘာသာရပ်များအတွက် ထပ်မံ လျာထားရန် အချက်များ ဖော်ပြပါရှိသည်။
Source : https://goo.gl/J9271Q
via IFTTT

No comments:

Post a Comment