Friday, June 2, 2017

Eleven Media Group

ကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် ကျိုက်လတ်မြို့နယ်မှ ကျောင်းဆရာ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄ဝ ချမှတ်ခံခဲ့ရကြောင်း သိရသည်။ ယင်းအမှုကို ကျောင်းသူနှစ်ဦး၏ အုပ်ထိန်းသူတို့က ရဲစခန်း၌ အမှုဖွင့်တိုင်ကြားပြီးနောက် ရှစ်လခန့် အကြာတွင် ဖျာပုံခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄ဝ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သူကျူးလွန်တာက နှစ်မှုပါ” ဟု တရားရုံး၏ စီရင်ချက်အား ကျိုက်လတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးထင်အောင်က အတည်ပြု ပြောကြားသည်။ ကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုနှင့် ပတ်သက်၍ အုပ်ထိန်းသူတို့က အမှုနှစ်မှု တိုင်ကြားခဲ့မှုအပေါ် တရားရုံးတော်မှ တစ်မှုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂ဝ စီဖြင့် နှစ်မှုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄ဝ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျောင်းဆရာက အလယ်တန်းပြပါ။ ကျောင်းသူနှစ်ဦးက ကညင်ကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာက အလယ်တန်းကျောင်းခွဲမှာ ၇ တန်းနဲ့ ၈ တန်း ပညာသင်ကြားနေသူတွေပါ။ ကလေးတွေက ညနေကျောင်းဆင်းရင် အဲဒီ့ဆရာနဲ့ အတူတူပြန်တယ်။ ကျောင်းဆင်းလို့ လူမရှိတဲ့အချိန် အဲဒီ့ဆရာက ကျောင်းမှာပဲ ကျူးလွန်တာပါ။ တစ်ယောက်ကို သုံးကြိမ်၊ တစ်ယောက်ကိုတော့ ငါးကြိမ်ကျူးလွန်တယ်။ မိဘတွေက နောက်မှသိရတာ” ဟု စစ်ဆေးတွေ့ရှိချက်အပေါ် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းအောင်က ဆိုသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၄ဝ ချမှတ်ခံခဲ့ရသည့် ကျောင်းဆရာ ဦးရန်နိုင်သည် အသက် ၂၉ နှစ်အရွယ် ရှိသူဖြစ်ပြီး အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ ကျောင်း သူနှစ်ဦးကို အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Writer: အောင်ကျော်မျိုး (ဟင်္သာတ)
Source : http://ift.tt/2qNxYJw
via IFTTT

No comments:

Post a Comment