မဖြစ်မနေ လိုအပ်လာလျှင် မြောက်ကိုရီးယားကို စစ်အင်အားသုံး အရေးယူမည်ဟု အမေရိကန်ဆို မြောက်ကိုရီးယားနှင့် ပတ်သက်၍ မဖြစ်မနေ လိုအပ်လာလျှင် စစ်အင်အားသုံးရန် တွန့်ဆုတ်နေမည် မဟုတ်ဟု အမေရိကန်က ပြောကြားလိုက်သည်။ ယခုသီတင်းပတ် အစောပိုင်းက မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် ဒုံးကျည်မှာ တာဝေး ပျံသန်းနိုင်သည့် တိုက်ချင်းပစ် ICBM အမျိုးအစား ဖြစ်နိုင်ကြောင်း အမေရိကန်က ဝန်ခံလိုက်ပြီးနောက် ထိုကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူစေခဲ့သည်။ လုံခြုံရေး ညီလာခံတွင် ကုလသမဂ္ဂ၏ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် နစ်ကီဟာလေက မြောက်ကိုရီးယားအပေါ် အရေးယူမှု အသစ်များ သတ်မှတ်ရန် အဆိုတစ်ရပ်ကိုလည်း ပြင်ဆင်နေကြောင်း အသိပေးခဲ့သည်။ မြောက်ကိုရီးယားကို တုံ့ုပြန်ရာ၌ စစ်ရေးအရှိန် မြှင့်တင်မည့် နည်းလမ်းလည်း ပါဝင်နိုင်ပြီး ကုန်သွယ်ရေး တင်းကျပ်မှုများပါ ပြုလုပ်သွားနိုင်ကြောင်း သူမက ဆိုသည်။ ဟာလေက “မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုဟာ အခြေအနေတွေကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ အဆုံးသတ်ကို ပိုပြီး နီးကပ်လာစေပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကျွန်မတို့ကိုယ်ကိုရော၊ ကျွန်မတို့ရဲ့ မဟာမိတ်တွေကိုပါ ကာကွယ်နိုင်ရေးအတွက် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ထုတ်သုံးဖို့ ပြင်ဆင်ရပါတော့မယ်။ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်ခြေ ဆိုတာတွေထဲမှာ စစ်အင်အား သုံးတာမျိုးကိုလည်း ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ မဖြစ်မနေ လိုလာရင် ကျွန်မတို့ သုံးပါမယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မသွားစေဖို့ ပိုပြီး လိုလားပါတယ်”ဟု ပြောကြားခဲ့သည်။ အမေရိကန်၏ သဘောထားကို ကုလသမဂ္ဂတွင် ဟာလေက ကြေညာခဲ့ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းကာ ဂျပန်ပင်လယ်ဘက်သို့ ဒုံးကျည်များ တိုးမြှင့် ပစ်ခတ်ခဲ့သည်။ ယင်းသည် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ မြောက်ကိုရီးယားက နောက်ဆုံးစမ်းသပ်သော ဒုံးကျည်မှာ Hwasong-14 အမျိုးအစားဟု အစိုးရပိုင် KCNA သတင်းဌာနက ကြေညာခဲ့ပြီး ၃၉ မိနစ်ကြာ ပျံသန်းကာ ဂျပန်ပင်လယ်ထဲ ကျဆင်းခဲ့သည်။ အဆိုပါ ဒုံးကျည်သည် အမြင့် ၂၈၀၂ ကီလိုမီတာထိ တက်ရောက်ကာ ၉၃၃ ကီလိုမီတာထိ ခရီးပေါက်ခဲ့ကြောင်းလည်း သိရှိရသည်။
Source : http://ift.tt/2usHSmO
via IFTTT
No comments:
Post a Comment