Wednesday, July 5, 2017

Eleven Media Group

အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို သတိပေးသည့်အနေဖြင့် ဒုံးကျည်များပစ်လွှတ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က “အမေရိကန်အယုတ်တမာ” များသို့ လက်ဆောင်ဟုဆိုကာ လုပ်ဆောင်ခဲ့သည့် သမိုင်းဝင် ICBM စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ကင်ဂျုံအွန်အား တိုက်ခိုက်သည့် ပုံစံဖြင့် ဇူလိုင် ၅ ရက်က ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ဟု သိရသည်။ အမေရိကန်ကိုယ်တိုင်က တိုက်ချင်းပစ်ဒုံး (ICBM) ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သော ဇူလိုင် ၄ ရက်က မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုသည် အမေရိကန်ပြည်မကြီးသို့ နျူကလီးယားဖြင့် ပစ်ခတ်ရန် ခြိမ်းခြောက်နိုင်သည့် စွမ်းရည်ရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသည့် မြောက်ကိုရီးယားအတွက် အဓိကသမိုင်းမှတ်တိုင် ဖြစ်လာခဲ့သည်။ ထို့အတူ သမ္မတဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးမူဝါဒအတွက်လည်း ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုကြီးတစ်ခုလည်း ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်သို့ ပစ်နိုင်မည့်ဒုံးကျည်စွမ်းရည်မျိုး မရစေရဟု ထရန့်က ကတိပြုထားသော်လည်း အမှီအခိုကင်းသော ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယား၏ ICBM ဒုံးသည် အလက်စကာ (သို့မဟုတ်) အမေရိကန်မြေပေါ်အထိပင် ရောက်ရှိနိုင်သည်ဟု ပြောခဲ့ကြသည်။ မြောက်ကိုရီးယား၏ ထိုဒုံးကျည်စမ်းသပ်မှုအား နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်နေကြစဉ် တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်တို့က ဇူလိုင် ၅ ရက်တွင် ၎င်းတို့၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို ဂျပန်ပင်လယ်ထဲသို့ ပြန်လည်ပစ်လွှတ်ပြခဲ့ကြသည်။ ပစ်လိုသည့်နေရာသို့ ရောက်ခဲ့ကြသည့် အဆိုပါ တာတိုဒုံးကျည်ပစ်ခတ်မှုသည် အရေးပေါ်အခြေအနေများ၌ ရန်သူဌာနချုပ်ကို အတိအကျပစ်နိုင်သော စွမ်းရည်ရှိသည့်အကြောင်းကို ပြသခြင်းဖြစ်သည်ဟု တောင်ကိုရီးယား၏ တပ်ပေါင်းချုပ်အကြီးအကဲက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးရေးကို လိုလားသည့် တောင်ကိုရီးယားသမ္မတ သစ်မွန်းဂျေအင်းကလည်း မြောက်ကိုရီးယား၏ စိုးရိမ်စရာ ရန်စမှုသည် ၎င်းတို့ကို ထုတ်ပြန်ကြေညာထားသည်ထက် ပို၍ ပြန်လည်တုံ့ပြန်မှုကို လိုအပ်စေသည်ဟု ပြောကြားခဲ့သည်။ တရုတ်နှင့် ရုရှားသမ္မတတို့ကမူ နှစ်ဖက်စလုံးအား ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကြရန်နှင့် တင်းမာမှုများ လျော့ကျစေရေးအတွက် လုပ်ဆောင်ကြရန် ပူးတွဲထုတ်ပြန် မေတ္တာရပ်ခံခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဇူလိုင် ၄ ရက်က ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီးနောက် “အမေရိကန် အယုတ်တမာတွေဟာ ဇူလိုင် ၄ ရက်နှစ်ပတ်လည်နေ့မှာ ဒီလက်ဆောင်ကို ရလိုက်တဲ့အတွက် သိပ်ပျော်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ကြောင်း အစိုးရသတင်းဌာနတွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ Hwasong – 14 အမည်ရသော ICBM ဒုံးကျည်၏ အတိအကျ ပစ်ခတ်နိုင်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်နေမှုများလည်း ရှိသည်။ မြောက်ကိုရီးယားကမူ ယင်းဒုံးကျည်သည် ကြီးမားသည့် နျူကလီးယား ထိပ်ဖူးတစ်ခုကို သယ်ဆောင်သွားနိုင်ပြီး ပစ်မှတ်ကို အတိအကျပစ်ခတ်နိုင်သည်ဟု ဆိုသည်။ ဇူလိုင် ၄ ရက်က စမ်းသပ်မှုအရ Hwasong – 14 သည် ကမ္ဘာ့လေထုထဲသို့ ပြန်ဝင်ချိန်တွင်ကြုံတွေ့ရသည့် ပြင်းထန်သောအခြေအနေကို ဖြတ်ကျော်နိုင်သည်ကို တွေ့ခဲ့ရသည်။ ယင်းဒုံးကျည်သည် ကီလိုမီတာ ၉၀၀ ကျော်ပျံသန်းပြီးနောက် ဂျပန်ပင်လယ်ထဲသို့ ကျသွားခဲ့သည်။ သို့သော်လည်း ယင်းသည် အမြင့်ပေ ၂၈၀၀ ကျော်အထိ ရောက်ရှိခဲ့သဖြင့် ယခုထက် ပိုမိုဝေးကွာသောနေရာသို့ ရောက်အောင်သွားနိုင်သည်ကို ထင်ရှားစေသည်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုက ယင်းဒုံးကျည်သည် ကီလိုမီတာ ၇၀၀၀ မှ ၈၀၀၀ အထိရောက်နိုင်မည်ဟု ပြောကြားခဲ့သည်။ ယင်းအကွာအဝေးအရ ဒုံးကျည်သည် ဟာဝိုင်ယီရှိ အမေရိကန်ပစိဖိတ် ဌာနချုပ်အထိ ရောက်ရှိနိုင်သည်။ Ref: AFP
Source : http://ift.tt/2tRnvTq
via IFTTT

No comments:

Post a Comment