Wednesday, July 5, 2017

The Voice

မြန်မာဆန်တန်ချိန် ငါးသောင်း ဝယ်ရန် ဖိလစ်ပိုင်က တင်ဒါခေါ် ရန်ကုန်၊ ဇူလိုင် ၄ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့က မြန်မာသံရုံးမှတစ်ဆင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းချက်အရ ဧည့်မထဆန် ၂၅ မှတ် အမျိုးအစား ဆန်တန်ချိန် ငါးသောင်းကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဆက်သွယ်အကြောင်း ကြားကာ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံ ရောင်းချနိုင်မည့် တန်ချိန်နှင့် ဈေးနှုန်းကို ပြန်လည် မေးမြန်းထားခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ရောင်းချနိုင်ရန်အတွက် ဇူလိုင်လ ၃ ရက်နေ့က ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဆန်ကုန်သည်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆန်တန်ချိန် ငါးသောင်းနှင့် ဆန်တစ်တန်လျှင် ဆိပ်ကမ်းအရောက် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂၅ ဖြင့် ရောင်းချမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ “ဖိလစ်ပိုင်က တင်ဒါစနစ်မှာ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ဝင်ပြိုင်တာ မရှိသေးဘူး။ အရင်ကတည်းက မြန်မာ့ဆန်ဆိုတာကို မပါသေးတာ။ ဒါပထမဆုံးပဲ။ ဒီဘက်က ရောင်းနိုင်တဲ့ဈေးနှုန်းကို အကြောင်းကြား အဆိုပြုပြီးရင် တင်ဒါပြိုင်ဖို့တွေ ဆက် ဆွေးနွေးမယ်”ဟု ၎င်းက ပြောဆိုသည်။ ဈေးနှုန်းအဆိုပြု အကြောင်းကြားပြီး လက်ခံပါက တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန်နှင့် တင်ပို့နိုင်မည့်ကာလတို့ကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဆန်အများဆုံး ဝယ်ယူနေခြင်းဖြစ်ကာ မြန်မာ့ဆန်ကို ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ပါက အလွန် ဝေးကွာသည့်အတွက် သွားလာရ ခက်ခဲသောကြောင့် ဗီယက်နမ်ဈေးကွက်သို့ မြန်မာ့ဆန်တင်ပို့မှု နည်းပါးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
Source : https://goo.gl/Sx9bcR
via IFTTT

No comments:

Post a Comment