Wednesday, July 5, 2017

The Voice

စွမ်းအားမြင့်ရေတပ်ကို တရုတ် တိုးမြှင့်ထူထောင် ဝါရှင်တန်၊ ဇူလိုင် ၄ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံထက် စစ်ရေးအသုံးစရိတ်ကို လေးဆပိုမို သုံးစွဲနိုင်သော်လည်း ရေတပ်စွမ်းအင် တိုးချဲ့လုပ်ဆောင်နေမှုတွင် တရုတ်ကို မမီကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ တရုတ်တို့၏ A2AD အစီရင်ခံ စာပါ Geographic Perspective သုံးသပ်ချက်တွင်လည်း တရုတ်တို့သည် ဒေသဆိုင်ရာ အကာအကွယ်ပေးရေး အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး မိမိတို့ဒေသကို အခိုင်အမာ အကာအကွယ်များ ပေးထားနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ရေးသားထားသည်။ A2AD အစီရင်ခံစာတွင် နှစ်ပေါင်း ၂၀ အတွင်း တရုတ်တို့သည် စွမ်းအားမြင့် လက်နက်ကြီးများကို တည်ဆောက်ထားနိုင်ခဲ့ပြီး ယင်တို့အထဲတွင် ဂြိုဟ်တုဖျက် လက်နက်များ၊ ဒုံးခွင်း လက်နက်တင်ဆောင်သည့် ယာဉ်များ၊ စွမ်းအားမြင့် သင်္ဘောကြီးများ၊ လေယာဉ်ပျံများနှင့် ဒရုန်းယာဉ်များအပြင်၊ အင်တာနက်နှင့် အွန်လိုင်း စစ်ဆင်ရေးအတွက် ဆိုက်ဘာ နည်းစနစ်များကိုပါ အခိုင်အမာ ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ တရုတ်တို့၏ နောက်ဆုံး စမ်းသပ်နေသည့် ရေယာဉ်များမှာ ရေထဲတွင် မမြုပ်နိုင်သည့် လေယာဉ်တင် သင်္ဘောများဖြစ်ပြီး ပင်လယ်များထဲတွင် အမြန်ဆုံးနှုန်းများဖြင့် ရေကြောင်း ကာကွယ်ရေး လုပ်ငန်းများအတွက် စမ်းသပ်ပြင်ဆင်လျက်ရှိသည်။ Type 005 ဆိုသည့် တန်ချိန် ၁၀ဝဝဝ ဖျက်သင်္ဘောကြီး လေးစင်းကိုလည်း တရုတ်တို့သည် တည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံအတွက် အမြင့်ဆုံးနှင့် အကြီးဆုံး ဖျက်သင်္ဘောကြီးများကို မကြာမီ ပိုင်ဆိုင်တော့မည် ဖြစ်သည်။ တရုတ်တို့က မိမိတို့အနေနှင့် ပင်လယ်ကမ်းရိုးတန်း ၁၄၅၀ဝ ကီလိုမီတာအတွင်း စွမ်းအားမြင့် ရေတပ်သင်္ဘောကြီးများကို တည်ဆောက်သွားမည့်အပြင် တောင်တရုတ်ပင်လယ်အတွင်း လွှမ်းမိုးနိုင်ရေးကို ပြင်ဆင်လျက် ရှိကြောင်း AP သတင်းတွင် ရေးသားထားသည်။
Source : https://goo.gl/B2pGZp
via IFTTT

No comments:

Post a Comment