ပုသိမ်မြို့တွင် ဖော်မလင်ပါဝင်မှု တွေ့ရှိသည့် သွေးခဲများ ထုတ်လုပ်သော သားသတ်လုပ်ငန်းရှင် အမဲသွေးခဲ ထုတ်လုပ်ခွင့် ခြောက်လ ပိတ်သိမ်းအရေးယူ ပုသိမ်မြို့ အောင်ဧရာဈေးအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဈေးအတွင်း ရောင်းချလျက်ရှိသော ဖော်မလင်ဓာတ် ပါဝင်သည့် သွေးခဲများ ထုတ်လုပ်ရာ သားသတ်လုပ်ငန်းမှ သွေးခဲထုတ်လုပ်ခွင့် ဇူလိုင် ၁၇ ရက်မှ စတင်ကာ ခြောက်လပိတ်သိမ်း အရေးယူခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ပူးပေါင်းအဖွဲ့ဖြင့် ဇူလိုင် ၁၃ ရက်က ဈေးကွက်စစ်ဆေးရန် အောင်ဧရာ ဈေးအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ သွေးခဲများဖြစ်သော ကြက်သွေး၊ ဘဲသွေး ဟုဆိုကာ ရောင်းချနေသည့် အမဲသွေးခဲများတွင် ဖော်မလင် ပါဝင်မှု တွေရှိခဲ့သဖြင့် ပစ္စည်းများ သိမ်းယူဖျက်ဆီးခဲ့ကြောင်း၊ ဖော်မလင်း စတင်ထည့်သွင်း ထုတ်လုပ်သည့် အရင်းအမြစ်ကို စုံစမ်းခဲ့ပြီး လုပ်ငန်းရှင်ကို ၁၄ ရက်က ခေါ်ယူစစ်ဆေး ဆွေးနွေးခဲ့ပြီး ၁၇ ရက် မှစတင်ကာ သွေးခဲထုတ်လုပ်ခွင့် ခြောက်လ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဦးစီးမှူး ဒေါက်တာပြည်ဖြိုးထံမှ သိရသည်။ “ကျွန်တော်တို့ စစ်ဆေးချက်အရတော့ လုပ်ငန်းသဘော သဘာဝအရ ဆက်နွယ်နေပြီး ဒါက သားသတ်လိုင်စင် လုပ်ငန်းရဲ့ အမှိုက်ကို အလုပ်သမားက သွေးခဲအဖြစ် ထုတ်လုပ်ပြီး ရောင်းတယ်လို့ စစ်ဆေးချက်အရ ပေါ်ပေါက်တယ်။ သို့သော် အလုပ်သမား လုပ်တယ်ဆိုပြီး အလုပ်သမားကို လွှဲချလို့မရဘူး။ ဆရာမှာလည်း တာဝန်ရှိတယ်။ မူလလုပ်ငန်းရှင်ကလည်း သူ့တာဝန်သူယူပြီး တာဝန်ခံပေးဖို့လိုတယ်။ အမှိုက်ဆိုပေမယ့် သူ့ရဲ့ ကြီးကြပ်မှုလိုတယ်။ သူစီးပွာ မဟုတ်လို့ လှည့်မကြည့်ဘူး ထားခဲ့တယ် ဆိုပေမယ့် အလုပ်ရှင် တာဝန်ယူတဲ့ အနေနဲ့ သွေးခဲလုပ်ငန်းကို ခြောက်လပိတ်သိမ်းခဲ့တယ်။ အလုပ်သမားကို အရေးယူရင် နောက်အလုပ်သမားနဲ့ ပြောင်းပြီးလုပ်နေမှာစိုးလို့ လုပ်ငန်းကို ပိတ်ခဲ့တာပါ” ဟု ဦးစီးမှူး ဒေါက်တာပြည်ဖြိုးက ပြောကြားသည်။ သွေးခဲများမှာ တိရစ္ဆာန်တွေ အသားပေါ်တဲ့အခါမှာ ထွက်လာပြီး သွေးကိုဆားလေးနည်းနည်းထည့်ပြီး ပြုတ်လိုက်တဲ့ အခါမှာ သွေးခဲ့ဖြစ်လာတယ်။ ရာသီဥတုအရ နေ့တစ်ဝက်၊ တစ်နေ့တာသာ ထားရှိခံပြီး အလွန်ပုပ်သိုး ပျက်စီးမြန်သောကြောင့် သွေးခဲတွေ တာရှည်ခံအောင် ဖော်မလင်ထည့်သွင်း အသုံးပြုခြင်း ဖြစ်ကြောင်း၊ သားသတ်လုပ်ငန်းမှာ သွေးဟာ ဘေးထွက်စွန့်ပစ်ပစ္စည်း ဖြစ်တာကို ခွက်နဲ့ခံပြီး အစားအေသာက်အဖြစ် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တပည့်တွေ လုပ်တယ်လည်း ပြောတယ်။ မလုပ်ဘူးလည်း ပြောတယ်။ ကျွန်တော်အနေနဲ့တော့ နောက်ထပ်ဒီလို မဖြစ်ဖို့ တာဝန်ယူ ဖြေရှင်းခဲ့ရတယ်” လုပ်ငန်းပိုင်ရှင် ဦးသက်နိုင်က ပြောကြားသည်။ ၎င်းသားသတ် လုပ်ငန်းရှင်သည် ပုသိမ်မြို့တွင် တစ်ရုံသာရှိသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ သားသတ်ရုံတွင် တစ်နေ့လျှင် နွားခုနစ်ကောင်၊ ကျွဲသုံးကောင် သားသတ်ခွင့် ရရှိလုပ်ကိုင် လျက်ရှိပြီး ပုသိမ်မြို့ အနီးပတ်ဝန်းကျင်တွင် ကြက်ပေါင်၊ ငွေဆောင်၊ ချောင်းသာ၊ ရှောပြာ၊ သလပ်ခွာ စသည့် နေရာများ အပါအဝင် ၁၀ ရုံကို လုပ်ပိုင်ခွင့် ရရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
Source : http://ift.tt/2tIVZ5P
via IFTTT
No comments:
Post a Comment