ကလေးသူငယ်ကို ဖြစ်စေ၊ မသန်စွမ်းကလေးသူငယ်ကို ဖြစ်စေ မုဒိမ်းမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူကို အနည်းဆုံး ထောင်ဒဏ်နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည်ဖြစ်ကြောင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထား ကလေးသူငယ်ကို ဖြစ်စေ၊ မသန်စွမ်း ကလေးသူငယ်ကို ဖြစ်စေ မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူကို အနည်းဆုံး ထောင်ဒဏ်နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြည်သူများ လေ့လာသိရှိ အကြံပြုနိုင်ရန်အတွက် ဇူလိုင် ၇ ရက်က ထုတ်ပြန်ထားသည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေး အပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း ခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန် ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တ ပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန် စသည်တို့ကို ရည်ရွယ်ကာ အဆိုပါ ဥပဒေမူကြမ်းကို ရေးဆွဲထားကြောင်း သိရသည်။ ထို့ပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် “မည်သူမဆို ကလေးသူငယ်ကို ဖြစ်စေ၊ မသန်စွမ်း ကလေးသူငယ်ကို ဖြစ်စေ မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ရေးဆွဲထားသည်။ ကလေးသူငယ်ကို ရောင်းချခြင်း၊ ကလေးသူငယ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် သိလျက်နှင့် တပ်ဆင်ပေးခြင်း တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ ဆက်လက်ပြီး ၎င်းဥပဒေမူကြမ်းတွင် ကလေးသူငယ်ကို ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် အတင်းအကျပ် ပြုလုပ်မှု၊ ကလေးသူငယ်အား အတင်းအကျပ် လက်ထပ်စေခြင်း တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁၅ သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကလေးသူငယ်ကို လက်နက်ကိုင်တပ်ဖွဲ့အတွက် တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ရိက္ခာများ၊ လက်နက်နှင့် ပစ္စည်းများ သယ်ယူခိုင်းခြင်း စသည့်ပံ့ပိုးရေး လုပ်ငန်းများတွင် ကလေးသူငယ်များကို အသုံးပြုခြင်း၊ လမ်းပြနှင့် အခြားပုံစံဖြင့် အသုံးပြုခြင်း တစ်ရပ်ရပ်ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကလေးသူငယ်ကို အရက်၊ ဘီယာရောင်းချသော နေရာသို့ ခေါ်ဆောင်သွားခြင်း သို့မဟုတ် ဝင်ရောက်ခွင့်ပြုခြင်း၊ အရက်၊ ဘီယာဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း၊ သောက်ရန်ခွင့်ပြုခြင်း၊ ကလေးသူငယ်ကို လောင်းကစားရန် တိုက်တွန်းခြင်း၊ သွေးဆောင်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊ ညကပွဲ၊ ကာရာအိုကေ၊ အနှိပ်ခန်းနေရာ တစ်ခုခုတွင် ကလေးသူငယ်အား ဝင်ရောက်ခွင့်ပြုခြင်း တစ်ရပ်ရပ်ကို မည်သူမဆို ကျူးလွန်ပါက အနည်းဆုံး တစ်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း အမြန်ဆုံး ပေါ်ထွက်ရန်လိုကြောင်း၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည်ဟု ထည့်သွင်းရေးဆွဲထားမှုအပေါ် ကြိုဆိုကြောင်း၊ တစ်ဦးအထက် အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ပါကလည်း သေဒဏ်ချမှတ်ရန် လိုလားကြောင်း၊ ၎င်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းလာသည့် အချိန်တွင် ဖြည့်စွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာကို ပြောကြားသည်။ Writer: မျိုးမင်းထက်
Source : http://ift.tt/2uXe0yB
via IFTTT
No comments:
Post a Comment