ဦးဖြိုးမင်းသိန်းကို တပ်မတော်က တိုင်ကြားမှု အစိုးရအဖွဲ့ ဘာဆက်လုပ်မလဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တဲ့အပေါ် အစိုးရအနေနဲ့ စိစစ်အရေးယူပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ “ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာ USAID နှင့် ပူးပေါင်းကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ အတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရထံ လိုအပ်သလို စိစစ်အရေးယူ ပေးနိုင်ရန် တင်ပြခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ပါတီအနေနဲ့ လောလောဆယ် ဘာမှ ပြောစရာမရှိဘူး။ ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ အစိုးရအဖွဲ့ကို ပြောတဲ့စာလေ။ အခုက ဒီကိစ္စကို အစိုးရအဖွဲ့အနေနဲ့ ဘယ်လို စဉ်းစားထားသလဲဆိုတာ ကျနော်တို့ မသိရသေးဘူး။ ဒီလို အခြေအနေမှာ ကျနော်တို့ကတော့ ဘာမှ ပြောစရာ မရှိသေးပါဘူး” လို့ ဧရာဝတီ ကို ပြောပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှာ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံက သတ်မှတ်တဲ့ ပြည်ထောင်စု ရာထူးစဉ်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အမှတ်စဉ် ၈ မှာရှိနေပြီး ဝန်ကြီးချုပ်က အမှတ်စဉ် ၁၉ နေရာမှာရှိပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်လို့ ပြောလိုက်တာဟာ ပြောသင့်တဲ့စကား ဟုတ်၊ မဟုတ် ဝေဖန်ပိုင်းခြားဖို့လိုအပ်ကြောင်း၊ ဥပဒေကြောင်းအရသာ စကားကို ပြောဆိုသင့်ကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကတော့ “သူနားလည်သလောက်ပြောလိုက်ပေမယ့် လက်ရှိ သွားနေတဲ့စနစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်ကို နှိမ့်ချသလို ဖြစ်သွားတာ။ နိုင်ငံတော် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စကားပြော အဆင်ပြေဖို့ လိုပါတယ်။ အခုအချိန်က အမျိုးသား ရင်ကြားစေ့ရေး သွားနေကြတာ။ သူ့ပါတီ ကိုယ့်ပါတီကတော့ ရှိကြမှာပဲ။ အစိုးရ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် တယောက်အနေနဲ့ ဒီလို စကားပြောမှန်းဆိုရင် နှိုင်းယှဉ်ချင့်ချိန်ဖို့လိုမယ်။ တပ်မတော်ဘက်ကလည် မပြောသင့် မပြောထိုက်တာမို့ အရေးယူပေးဖို့ တင်ပြတာ ဖြစ်ပါလိမ့်မယ်။ အရေးယူတဲ့ အတိုင်းအတာကတော့ အစိုးရရဲ့ သဘောဆန္ဒအတိုင်းပါပဲ” လို့ သုံးသပ်ပါတယ်။ တပ်မတော်ရဲ့ တိုင်ကြားမှုနဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိ မသေချာပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ဦးဖြိုးမင်းသိန်းဟာ နေပြည်တော်ကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ သို့သော် အစည်းအဝေး တခုရှိတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်တယ်လို့လည်း သိရပါတယ်။ “လူတဦးချင်းအနေနဲ့ ပြောမယ်ဆိုရင် သူ့စိတ်ထဲမှာရှိတာ ပြောပိုင်ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားတဲ့အတိုင်း ပြောရမှာ။လွှတ်တော်သည် ဘယ်အဆင့်ရှိလဲ အစိုးရ ဘယ်အဆင့်ရှိလဲ သမ္မတဘယ်အဆင့်ရှိလဲ အတိအလင်း ပြဋ္ဌာန်းထားပြီးသား၊ ဒီလိုပဲ ပြောရမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တည်ဆဲဥပဒေဖြစ်လို့ မပြင်နိုင်၊ မပြောင်းနိုင်သေးသ၍ လိုက်နာရမှာ တာဝန်ပဲ။” ပြင်ဦးလွင် မြို့နယ် ပြည်သူ့လွှတ်တော် ဦးအောင်ခင် က ပြောပါတယ်။ ANP ပါတီ၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကတော့ လူကြီးတယောက် အနေနဲ့ ဆင်ခြင်သင့်တဲ့ စကားဖြစ်ကြောင်း၊ ပြောဆိုလိုက်တဲ့အချိန်မှာ စိတ်ခံစားမှုက တခုခု ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။ တပ်မတော်အသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူလူထုကရော အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ တပ်မတော်က မေလ ၅ ရက်နေ့ကလည်း NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က NLD ပါတီနှင့် ပတ်သက်သော သတင်းမှားများ ပျံ့နှံ့ခြင်းကိစ္စနှင့် ပတ်သက်၍ “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်း တွေကပဲ လုပ်သလား။ ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့ သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်” ဟု ပြောဆိုခဲ့သည့် ကိစ္စအပေါ် ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သည့် တုံ့ပြန်မှု ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
Source : https://goo.gl/JjAtQg
via IFTTT
No comments:
Post a Comment