မုံရွာတွင် ချင်းတွင်းမြစ်ရေကြီး၍ ကျေးရွာ ၂၀ ခန့် ရေမြုပ် မုံရွာ၊ ဇူလိုင် ၁၁ ချင်းတွင်းမြစ်ရေ ကြီးနေမှုကြောင့် မုံရွာမြို့တောင်ဘက်ရှိ အနိမ့်ပိုင်း ကျေးရွာ ၂၀ ခန့်တွင် နေအိမ်များ ရေနစ်မြုပ်နေသည့်အတွက် အရေးပေါ် ကူညီကယ်ဆယ် ပြောင်းရွှေ့ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ပြောကြားသည်။ “နစ်မြုပ်နေတာက ကျေးရွာအုပ်စု ရှစ်စု၊ ရွာပေါင်း၂၀ကျော်၊ အခုလက်ရှိမှာ ညောင်ဖြူပင်နဲ့ ဘုဘကျေးရွာအုပ်စု နှစ်စုစာကို ထောက်ပံ့ငွေ ပေးပါတယ်။ နစ်မြုပ်နေတဲ့ ရွာတွေကို စာရင်းကောက်ပြီးရင် ထောက်ပံ့ကြေး ပေးသွားမယ်၊ ရေသန့်ဆေးပြားတွေလည်း လှူမယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် လတ်တလောတွင် နေအိမ်များ ရေနစ်မြုပ်နေရာ လူနှင့်တိရစ္ဆာန်များမှာ ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ ရေကြီးနစ်မြုပ်မှုကြောင့် ကျွန်းရွာသစ်ရွာတွင် ဇူလိုင်လ ၉ ရက်နေ့က ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ကျေးရွာတစ်ခုမှ နွားတစ်ကောင်လည်း ရေစီးကိုဖြတ်ကူးစဉ် ပျောက်ဆုံးခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ရေနစ်မြုပ်သည့် ကျေးရွာများ ဖြစ်သည့် ညောင်ဖြူပင်အုပ်စုမှ ညောင်ဖြူပင်၊ မရိုးကုန်း၊ ချောင်းကောက်အတွက် ကျပ်သိန်း ၁၀ဝ ကျော်၊ ဘုဘအုပ်စုတွင် ဘုကလယ်တော၊ ချမ်းသာကျွန်းအတွက် ကျပ်သိန်း ၃၀ ကျော် ထောက်ပံ့ပေးထားကြောင်း ဘုဘ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်က ပြောကြားသည်။ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဆူးလေကုန်း၊ တံခွန်တိုင်၊ ထန်းလေးပင်၊ ကိုးရှင်းကျွန်းရွှေတမာ မင်းကုန်း၊ မြင်သာ၊ ကျွန်းကြီး၊ ဂျိုးစု၊ ဇီးဖြူကုန်း၊ တဲတိုက်၊ နတ်ကျွန်းကြီး၊ ထိန်ပင်စု၊ ချမ်းသာကျွန်း၊ ရန်နိုင်ကျွန်း၊ ဘုဘညောင်ဖြူပင်တဲတိုက် ချောင်းကောက်၊ ဘုမ္မနိုး၊ ပုဏ္ဏားမှော် ကျေးရွာများ နစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ရေကြီးမှုကြောင့် နေ့စဉ် ကျောင်းသွားသည့် ကလေးငယ်များသည် လှေကိုအသုံးပြု၍ သွားလာနေရပြီး သောက်သုံးရေ အခက်အခဲရှိကာ သီးနှံပင်များလည်း ပျက်စီးမှုရှိကြောင်း ဆူးလေကုန်းရွာမှ ဦးပွေးက ပြောကြားသည်။ ချင်းတွင်းမြစ်ရေသည် ဆက်လက် မြင့်တက်နေရာ မုံရွာမြို့တွင် စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေသည့်အတွက် သတိထား စောင့်ကြည့်နေရပြီး မြစ်ကြောင်းသွား အမြန်ရေယာဉ်အစီး ၆၀ဝ ကျော်ကို ဇူလိုင် ၁၆ ရက်နေ့အထိ ထပ်မံ ရက်တိုး၍ ပြေးဆွဲမှု ရပ်နားထားကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီထံမှ သိရသည်။
Source : https://goo.gl/mhiGcc
via IFTTT
No comments:
Post a Comment