မွန်ပါတီ ၂ ခုပေါင်းစည်းရေး အလွတ်သဘော ညှိနှိုင်းရန် ကိုယ်စားလှယ်များ ရွေးချယ် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ နှစ်ခု ပေါင်းစည်းနိုင်ရေးအတွက် ကြားခံ ညှိနှိုင်းရေး အဖွဲ့ အစည်း မလိုပဲ အလွတ်သဘော ညှိနှိုင်းနိုင်ရန်အတွက် ဗဟို အလုပ်အမှုဆောင် ၃ ဦးအား တာဝန်ပေးအပ် ထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တွဲဖက် အတွင်းရေးမှူး ၁ နိုင်စံတင်က ပြောသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ အစည်းအဝေးတုန်းက MNP နဲ့ အလွတ်သဘော တွေ့ဖို့ ကျနော်တို့ဘက်က ကိုယ်စားလှယ် ၃ ဦးကို ရွေးချယ် တာဝန်ပေးထားတယ်၊ မွန်အမျိုးသား ပါတီ ဆီကိုလည်း အကြောင်းကြား ထားပါတယ်” ဟု နိုင်စံတင်က ဧရာဝတီ သို့ ပြောသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၃ ဦး ဖြစ်သည့် နိုင်မောင်မောင် ခေါင်းဆောင်၍ နိုင်စံတင်နှင့် နိုင်သန်းရွှေတို့ ၃ ဦးအား မွန်အမျိုးသား ပါတီနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ တရားဝင် တာဝန် ပေးအပ်ခဲ့ကြောင်း၊ ပါတီ ပေါင်းစည်းရေး အတွက် မွန်ပြည်သူ လူထု၏ ဖိအားပိုမိုများပြား လာပြီးနောက် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီတို့မှာ ကြားခံ အဖွဲ့အစည်း ညှိနှိုင်းရေး အဖွဲ့မလိုပဲ ညှိနှိုင်း နိုင်ရေး အတွက် ယခု ကဲ့သို့ ကြိုးပမ်း လာကြခြင်း ဖြစ်ကြောင်း သိရသည်။ မွန်ပါတီ ၂ ခုမှ အလွတ်သဘော ညှိနှိုင်းမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ ကိုယ်စားလှယ်များ ရွေးချယ်ထားပြီး ဖြစ်သော်လည်း တွေ့ရှိမည့် အချိန်၊ နေရာ၊ ရက်တို့ကို မသိရှိရသေးပါ။ မွန်အမျိုးသား ပါတီမှလည်း ပေါင်းစည်းရေး အလွတ်သဘော ညှိနှိုင်း နိုင်ရန် အတွက် ကိုယ်စားလှယ် ၃ ဦး ရှိသော်လည်း ပါတီမှ တရားဝင် တာဝန်ပေးခြင်း မဟုတ်သေးကြောင်း မွန်အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမားက လည်း ဧရာဝတီအား ပြောသည်။ ၎င်းက “ဒီ ၃ ယောက်က မွန်ပါတီတွေနဲ့ အလွတ်သဘော တွေ့ဆုံ ညှိနှိုင်း နိုင်တယ်။ အခြားပါတီနဲ့ တွေ့ဖို့ ကျနော်တို့ ပါတီကနေ ခွင့်ပြုချက် တောင်းစရာ မလိုဘူး၊ ဒါပေမယ့် သူတို့ကို တရားဝင် အစည်အဝေး ဆုံးဖြတ်ချက်နဲ့ တာဝန်ပေးထားတာတော့ မဟုတ်ဘူးပေါ့၊ ဆက်သွယ်နိုင်မယ့် သူတွေပေါ့၊ တဖက်ပါတီ ဆီကိုလည်း ဒီကိစ္စကို တရားဝင် အကြောင်းကြားထားတာလည်း မရှိသေးပါဘူး ” ဟု ရှင်းပြသည်။ မွန်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ၃ ဦး ဖြစ်သည့် နိုင်ချစ်ဦးက အဖွဲ့ခေါင်းဆောင်နှင့် နိုင်ခိုစိုက်၊ နိုင်မန်းဂကောင်း တို့လည်း ပါဝင်ပြီး အလွတ်သဘော ညှိနှိုင်းရေး အတွက် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များအဖြစ် တာဝန်ပေးထားပြီး ဖြစ်သည်။ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပေါင်းစည်း နိုင်ရေး အတွက် သံဃာတော်များ အပါအဝင် မွန်ပြည်သူလူထု များက ပထမအကြိမ် နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်း အဖွဲ့ကို ၂၀၁၂ ခုနှစ် ဧပြီတွင် ဖွဲ့စည်း ခဲ့ပြီး ၁ နှစ်ကြာ ပါတီပေါင်းစည်းရေး အတွက် လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်သဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပေါင်းစည်းရေး အဖွဲ့အား ရုပ်သိမ်းကြောင်း ကြေငြာခဲ့သည်။ လက်ရှိတွင် တသီးပုဂ္ဂလ မွန်နိုင်ငံရေး ခေါင်းဆောင်များ စုစည်း၍ မွန်နှစ်ပါတီ ပေါင်းစည်းနိုင်ရေး အတွက် နည်းလမ်း ရှာရန်၊ အကယ်၍ မပေါင်းစည်း နိုင်ခဲ့ပါက မွန်နိုင်ငံရေးပါတီ တခု ထပ်မံ ဖွဲ့စည်း သင်၊့မသင့်နှင့် ပတ်သက်၍ မွန်ပြည်သူများ၏ သဘောထားများအား လိုက်လံ ကောက်ယူ နေမှုများ ရှိနေပြီး မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး အတွက် ဖိအားများ ပိုမို၍ ကြီးထွား လာနေသည်။
Source : https://goo.gl/qSdfhX
via IFTTT
No comments:
Post a Comment