Monday, July 10, 2017

The Voice

ထီးချိုင့်တွင် ဘာသာကူးပြောင်းသည့် မိသားစုနှင့် ဒေသခံများပဋိပက္ခဖြစ် သပိတ်ကျင်း၊ ဇူလိုင် ၉ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာအုပ်စု၊ တည်တောကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီခန့်က ဘာသာကူးပြောင်းသည့် မိသားစုနှင့် ဒေသခံများ စကားများပြီး ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်က ပြောကြားသည်။ ယင်းသို့ကျေးရွာဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် နေအိမ်အချို့ ပျက်စီးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၃၄၀ ၊ လူဦးရေ ၃၅၀ဝ ခန့်နေထိုင်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကြောင်း၊ ယခင်က ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ခဲ့သည့်မိသားစုတို့သည် နှစ်ကာလ ကြာရှည်စွာအတူယှဉ် တွဲနေထိုင်ခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါမိသားစုက ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ယုံကြည်ရာ ဘာသာကူးပြောင်းရာတွင် ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ကျွန်တော်ကြားသိရတာက သူတို့မိသားစု နှစ်စုက ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ဘာသာကို ကူးပြောင်းတော့ ပျော်ပွဲရွှင်ပွဲ လုပ်တယ်။ ပွဲကတစ်ရက်၊ နှစ်ရက်၊ သုံးရက်ကို နေ့ရော ညရော လုပ်တော့ ဗုဒ္ဓဘာသာ ဒေသခံက ဒီလိုမလုပ်ဖို့ ပြောတာ ပြောမရတော့ ခဲနဲ့ဝိုင်းထုလို့ နေအိမ်နဲ့ ကလေးလူကြီး ထိခိုက်ဒဏ်ရာရတာပါ”ဟု ဦးကျော်မောင်က ဆိုသည်။ ယင်းသို့ ပဋိပက္ခ ဖြစ်ပွားရာတွင် အဆိုပါ မိသားစုဝင်များတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို သွားရောက် ထိန်းသိမ်းကာ ကူညီဆောင်ရွက်လျက် ရှိပြီး ဒဏ်ရာရရှိခဲ့သော ကလေး လေးဦးနှင့် လူကြီး ငါးဦးသည် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ မှုခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေ မရှိတော့ကြောင်း ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က ပြောကြားသည်။ အဆိုပါဖြစ်စဉ်အတွက် အသေးစိတ် သိရှိနိုင်ရန် ဆေးရုံတက်ရောက် ကုသနေသည့် ကာယကံရှင် မိသားစုဝင်များကို ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ လက်ကိုင်ဖုန်းသို့ The Voice က ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့သည် ဆေးဝါးကုသမှုခံ ယူနေကြသည့်အတွက် မေးမြန်းခွင့်မရနိုင်ကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။
Source : https://goo.gl/tgZPjt
via IFTTT

No comments:

Post a Comment