Friday, July 14, 2017

The Voice

ငွေမသုံးသည့် တာအိုကဖေးဆိုင် တရုတ်တွင် ဖွင့်လှစ် ဟန်ကျိုး၊ ဇူလိုင် ၁၃ တရုတ်နိုင်ငံ၏ e-commerce ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Alibaba သည် ငွေကြေးသုံးစွဲစရာ မလိုဘဲ အွန်လိုင်းက ငွေပေးချေရသည့် စနစ်တစ်ခု ဖြစ်သော Alipay e-payment စနစ်ကို အသုံးပြုပြီး ဝယ်ယူစားသောက်နိုင်မည့် တာအိုဟု အမည်ပေးထားသော ကဖေးဆိုင်ကို စမ်းသပ်ဖွင့်လှစ်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ အွန်လိုင်းငွေပေးချေစနစ်များဖြင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည့် ကုမ္ပဏီနှစ်ခုအဖြစ် Alibaba သည် Taobao နှင့် Lazada ကုမ္ပဏီကြီးနှစ်ခုကို ရွေးချယ်လိုက်ပြီး Lazada ကုမ္ပဏီအား ဒေါ်လာ ၁ ဘီလီယံ အထောက်အပံ့ပေးကာ အွန်လိုင်းကတစ်ဆင့် ငွေပေးချေမှု လုပ်ငန်းများကို တိုးတက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ တာအိုကဖေးဆိုင်များတွင် ငွေလက်ခံမည့် ငွေကိုင်စာရေး မရှိသလို၊ ငွေပေးချေပြီး စားသောက်ရန်လည်း မလိုကြောင်း၊ Alibaba အနေနှင့် အွန်လိုင်းနှင့် Offline ဟုခေါ်သည့် ဝန်ဆောင်မှု ပေးနိုင်သော နေရာများကို တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း Alibaba အုပ်စုမှ ဈေးကွက်အကြီးအကဲ ခရစ်တန်က ပြောကြားသည်။ တာအိုကဖေးဆိုင်သစ် စမ်းသပ်ဖွင့်ပွဲကို ဟန်ကျိုးအပြည်ပြည်ဆိုင်ရာပြပွဲ စင်တာခန်းမအတွင်း ဖွင့်လှစ်ပေးခဲ့ပြီး Taobao ဆက်သွယ်ရေးလိုင်းကို အသုံးပြုနေသူ အားလုံး ဆိုင်တွင်းသို့ ဝင်ရောက်စားသောက်ပြီး အွန်လိုင်းက တစ်ဆင့် ကျသင့်ငွေများကို ပေးချေနိုင်ရန် စီစဉ်ပေးထားသည်။ တာအိုကဖေးတွင် လာရောက်စားသောက်သူများသည် Taobao ဆော့ဖ်ဝဲကို ဖုန်းအတွင်း ဦးစွာထည့်သွင်းထားရန် လိုအပ်ပြီး၊ ဆိုင်တွင် တပ်ဆင်ပေးထားသော QR ကုတ်ရှေ့တွင် ရပ်ကာ ကင်မရာကတစ်ဆင့် မျက်နှာကို အသိအမှတ်ပြု စစ်ဆေးခြင်းကို ဦးစွာခံယူရမည် ဖြစ်သည်။ စက်က မျက်နှာကို အသိအမှတ်ပြုလိုက်လျှင် အသံဖြင့် ထုတ်ဖော်ပြီး ကော်ဖီကို မှာခဲ့ရုံသာဖြစ်ကာ စားပွဲတွင် သွားထိုင်နေပါက မှာယူခဲ့သည်များကို စားပွဲထိုးက လာချပေးမည် ဖြစ်သည်။ စားပွဲများပေါ်တွင်လည်း တပ်ဆင်ထားသည့် တက်ဘလက်များကို အသုံးပြုပြီး ဆိုင်အတွင်း ရရှိနိုင်သည့် စားသောက်ဖွယ်ရာများနှင့် ပစ္စည်းများကို ချိတ်ဆက်မှာယူနိုင်မည် ဖြစ်သည်။ ကျသင့်ငွေများ ပေးချေရန်အတွက် Taobao တွင် မိမိတို့ ဘဏ်စာရင်းအား ချိတ်ဆက်ထားရန်လိုပြီး၊ ဝယ်ယူစားသုံးသမျှကို ဘဏ်စာရင်းကတစ်ဆင့် ဖြတ်တောက်သွားမည် ဖြစ်သောကြောင့် ငွေကိုင်လာပြီး ပေးချေရသည့် ဒုက္ခများမှ ကင်းဝေးသွားမည် ဖြစ်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။
Source : https://goo.gl/r2BNAA
via IFTTT

No comments:

Post a Comment