Tuesday, July 18, 2017

The Voice

ဆာဘိုးသာ ခြံတွင်းနေသူများကို ကျူးကျော်အဖြစ်မှ ပယ်ဖျက် ရန်ကုန်၊ ဇူလိုင် ၁၇ နှစ်ပေါင်း ၆၀ နီးပါး နေထိုင်ခဲ့သော ဗဟန်းမြို့နယ် ဆာဘိုးသာခြံတွင်း နေထိုင်သည့် အိမ်ထောင်စု ၃၇၃ စုကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။ ရန်ကုန်တိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေး လုပ်သည့် ဇူလိုင် ၁၃ ရက်က ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ဆာဘိုးသာခြံနေထိုင်သူများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဝန်ကြီးချုပ်က ၎င်းတို့ကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်ပြီး ဆက်လက် နေထိုင်ခွင့်ပြုသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “တိုင်းအရေးပေါ် အစည်းအဝေးမှာ ဝန်ကြီးချုပ်နဲ့ သွားတွေ့ပြီး တွေ့ဆုံဆွေးနွေးတော့ ကျူးအဖြစ် မသတ်မှတ်တော့ဘူး။ နေထိုင်တဲ့သူတွေက နေလာတာ နှစ်တွေလည်း ကြာလာပြီ။ ဒီနေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ရော ပြည်သူတွေ အနှောင့်အယှက်ဖြစ်မှာ မလိုလားတဲ့အတွက် အဲဒီနေရာမှာပဲ အရင်လို ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးလိုက်ပါတယ်”ဟု ဦးသောင်းထွဋ်က ဆိုသည်။ ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဗဟန်းမြို့နယ်ရှိ တောင်တွင်းကြီးကျောင်းတိုက်၌ ကျူးကျော် အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးခဲ့သော်လည်း ဆာဘိုးသာ ခြံတွင်းနေသူများက ကျူးကျော်မဟုတ်သောကြောင့် လာရောက် မထုတ်ယူသည့်အတွက် ဇွန်လ ၁၃ ရက်တွင် စာရင်း ကောက်ယူမှု ရပ်ဆိုင်းခဲ့ရသည်။ “အိမ် တစ်အိမ် ပြောင်းမယ်ဆိုရင် မိသားစုတစ်ခုလုံး ဘဝအသစ်က ပြန်စရမှာပါ။ ဆာဘိုးသာခြံနေထိုင်သူတွေကို သူဌေးကလည်း အေးအေးချမ်းချမ်း ဆက်လက်နေထိုင်ခွင့် ပေးထားတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း ကျူးအဖြစ်က ပယ်ဖျက်ပေးပြီး နေထိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ဆာဘိုးသာခြံတွင် နေထိုင်သူ ဦးဇော်ဇော်ကဆိုသည်။
Source : https://goo.gl/fsgRg3
via IFTTT

No comments:

Post a Comment