Thursday, July 20, 2017

The Voice

ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် တာဝန်ရှိသူ ခြောက်ဦးကို စီအိုင်ဒီ စစ်ဆေး ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ Shu Khinn Thar International College ဖွင့်လှစ်သူ ဦးရဲထွန်း(ခ) ဦးမာမာက်အီစမိုင် အပါအဝင် တာဝန်ရှိသူ ခြောက်ဦးကို ဖမ်းဆီး၍ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က စစ်ဆေးနေကြောင်း စီအိုင်ဒီမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ BFI(Bright Future Interna-tional) Education Service ကုမ္ပဏီက ဖွင့်လှစ်ထားသည့် Shu Khinn Thar International Collage သည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ ဖွင့်လှစ်ထားကြောင်း သတင်းအရ ဇူလိုင်လ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ (ခ) အဝိုင်း ဦးဆောင်သည့်အဖွဲ့က ကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ယင်းသို့ စစ်ဆေးခဲ့ပြီးနောက် အဆိုပါ ကျောင်းဖွင့်လှစ်သူ ဦးရဲထွန်း (ခ) ဦးမာမက် အီစမိုင် (အသက် ၄၇ နှစ်)နှင့် တာဝန်ရှိသူများကို ပညာရေး ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုမိန့်အရ ဥပဒေအရ အရေးယူပေးရန် တိုင်းပညာရေးမှူး ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ (ခ) အဝိုင်းက တရားလိုပြုလုပ်ပြီး သာကေတနယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ စီအိုင်ဒီမှ ရဲအရာရှိက “အားလုံး ခြောက်ယောက်ကို အရေးယူထားတယ်။ အမှုက ဆက်လက် စစ်ဆေးနေဆဲမို့ ဘယ်သူတွေကို အရေးယူထားတယ်၊ ဘယ်သူတွေရော ထပ်အရေးယူဦးမယ်ဆိုတာ လတ်တလော ထုတ်ပြောလို့ မရသေးလို့ပါ”ဟု ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဏာ သိမ်းမှုများအပြီး တူရကီ အစိုးရက နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်ရာတွင် FETO (Felhullah Gulen Terrorist Organization) ဖသူလ္လာဂူလန် အကြမ်းဖက် အဖွဲ့အစည်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီအစိုးရက ကြေညာခဲ့သည်။ အစွပ်စွဲခံရသည့် ထိုအဖွဲ့၏ စီးပွားရေး ကွန်ရက်များ ချိတ်ဆက်ထားရာတွင် မြန်မာနိုင်ငံရှိ Horizon International School (Shu Khinn Thar International College ၏ ယခင်နာမည်ဟောင်း) အပါအဝင်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါ ကျောင်းတာဝန်ရှိသူများက ယင်းအဖွဲ့နှင့် ဆက်နွှယ်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။ အဆိုပါ ကျောင်းအုပ်ချုပ်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်းအနေနှင့် မသိရှိရသေးဘဲ အသေးစိတ်ကို ရဲတပ်ဖွဲ့ထံ ပြန်လည် မေးမြန်းရဦးမည်ဖြစ်ကြောင်း The Voice ကို ဖြေကြားသည်။ ကျောင်းတာဝန်ရှိသူများ ဖမ်းဆီးခံရသည် ဆိုခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းထံ The Voice က မေးမြန်းရာ ကျန်းမာရေး အနည်းငယ် မကောင်းခြင်း၊ အလုပ် များနေခြင်းကြောင့် ဇူလိုင်လ ၂၀ ရက်မှသာ လာရောက်မေးမြန်းရန် ဖြေကြားသဖြင့် အသေးစိတ် အချက်အလက်များကို မေးမြန်းခွင့် မရသေးပေ။ ထို့ပြင် ကျောင်းတာဝန်ရှိသူများကို မေးမြန်းရာတွင်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရရှိပေ။ ယခုနှစ်ဧပြီလအတွင်းက သာကေတ မြို့နယ် ပညာရေးမှူးကလည်း အဆိုပါကျောင်းကို ကိုယ်ပိုင်ကျောင်း မှတ်ပုံလက်မှတ်မရှိဘဲ ဖွင့်လှစ်သည်ဆိုကာ သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကျောင်းရှိရာ မန္တလေး၊ နေပြည်တော်တွင်လည်း မြို့နယ်အလိုက် ပညာရေးမှူးများက အမှုဖွင့်လှစ်ခဲ့သည်။ ထို့နောက် သာကေတရှိ Horizon International School ကို Shu Khin Thar International College၊ ဗဟန်းရှိ ကျောင်းများကို Bahan International Science Academy, Bahan Inter-national Kindergarten၊ မန္တလေးရှိ ကျောင်းများကို Mandalay International Science Academy, Mandalay International Kindergarten၊ နေပြည်တော်ရှိ ကျောင်းကို Naypyitaw International Kindergarten ဟု အမည်ပြောင်း၍ ဆက်လက် ဖွင့်လှစ်နေခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ယခင် တိုင်ကြားထားသည့် အမှုပိတ်သိမ်း၊ မပိတ်သိမ်း၊ ယခုထပ်မံ တိုင်ကြားခြင်း အခြေအနေ အသေးစိတ်ကို မေးမြန်းရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူနှင့် ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ ဆက်သွယ်သော်လည်း မေးမြန်းခွင့် မရရှိသေးပေ။ အဆိုပါကျောင်းများသည် ပညာရေးဝန်ကြီးဌာနပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားသည့်ကျောင်း မဟုတ်ဘဲ ဗြိတိန်နိုင်ငံ Cambridge University မှ IGCSE နှင့် ဆွစ်ဇာလန်နိုင်ငံ IB World School မှ IB (Inter-national Baccalaureate) သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားနေခြင်းဖြစ်ကြောင်း အဆိုပါကျောင်းက အသိပေးထားသည်။ ယင်းကျောင်းသည် မူလက Mediterranean International Education Service ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် တစ်နှစ်ခန့် မှစ၍ မြန်မာနိုင်ငံသားပိုင် Bright Future International Education Service ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ယခင်ကုမ္ပဏီမှာ ထိုအချိန်ကတည်းက ဖျက်သိမ်းခဲ့ကြောင်း မန္တလေးရှိ အဆိုပါကျောင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ကျော်ဆန်းက ယခုနှစ် မေလအတွင်းက ပြောကြားထားသည်။ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေ အခန်း (၆) တားမြစ်ချက်များ အခန်းပါ ပုဒ်မ ၂၈ တွင် “မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင် ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ”ဟု ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေ အခန်း(ရ)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းပါ ပုဒ်မ ၃၃ တွင် “မည်သူမဆို ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကျခံစေရမည့်အပြင် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်”ဟု ပြဋ္ဌာန်း ထားသည်။ အဆိုပါကျောင်းကို လွန်ခဲ့သည့် ၂၀ဝ၀ ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သာကေတမြို့နယ်၊ ရှုခင်းသာ မြို့ပတ်လမ်း၊ ဗဟန်းမြို့နယ် ဖိုးစိန်လမ်း၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ကျောင်းများကို ဖွင့်လှစ်ထားကြောင်း အဆိုပါ ကျောင်းဝက်ဘ်ဆိုက် www.horizon.com.mm တွင် ဖော်ပြထားသည်။ ယင်းကျောင်းတွင် တူရနိုင်ငံသား ဆရာ၊ ဆရာမ ငါးဦး၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နိုင်ငံများမှ ဆရာ၊ ဆရာမ စုစုပေါင်း ၂၆ ဦးနှင့် ပြည်တွင်းမှ ဆရာများ ရှိကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက Mr. Shahriyor Turgunov နှင့် The Voice တို့ တွေ့ဆုံစဉ် ပြော ကြားထားသည်။
Source : https://goo.gl/Fcm7zo
via IFTTT

No comments:

Post a Comment