နိုင်ငံရေးမူဝါဒ တူညီသော ပါတီများနှင့် မဟာမိတ် ဖွဲ့မည်ဟု ဦးကိုကိုကြီးပြော မန္တလေး၊ ဇူလိုင် ၁၉ ပါတီ တည်ထောင်ပြီးစီးပါက နိုင်ငံရေးမူဝါဒ သဘောထား တူညီသော ပါတီများနှင့် မဟာမိတ်ဖွဲ့ကာ မိတ်ဖက် ဆက်ဆံရေး ထူထောင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းဝင် ဦးကိုကိုကြီးက ပြောကြားသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အနေနှင့် ပါတီ ထူထောင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ၎င်းက ပြောဆိုသည်။ “အဓိကတော့ နိုင်ငံရေးပါတီတစ်ခု ထူထောင်တယ်ဆိုတာက ကိုယ့်ပါတီပိုင် မူဝါဒတွေရှိတယ်။ မူဝါဒတူညီတဲ့ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ မဟာမိတ် ပေါ်လစီဆိုတာကလည်း မဖြစ်မနေ ချမှတ်ကြရမယ့်ကိစ္စဆိုတော့ ကိုယ်နဲ့ ယုံကြည်ချက်၊ ဦးတည်ချက်တူတဲ့ ပါတီတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားထားတယ်”ဟု ဦးကိုကိုကြီးက ရှင်းပြသည်။ မန္တလေးမြို့ရှိ ယုံကြည်ရာ အခမဲ့ စာကြည့်တိုက်၌ ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပသည့် မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွင် ဦးကိုကိုကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပါတီဖြစ်မြောက်ရေး ကော်မတီက ယာယီ ချမှတ်ထားသည့် နိုင်ငံရေး အခြေခံ မူဝါဒများတွင် နိုင်ငံသားတိုင်း လူမျိုး ဘာသာ၊ ကျား၊ မ ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်း ခွဲခြားဆက်ဆံမှု မရှိစေရေး၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခံစားနိုင်စေရေး၊ နိုင်ငံ လူဦးရေ၏ အင်အား အများဆုံးဖြစ်သည့် တောင်သူ လယ်သမားများနှင့် ပတ်သက်သော အခွင့်အရေးများ ကာကွယ်မြှင့်တင် စောင့်ရှောက်ရေး၊ အလုပ်သမားများ၏ အခွင့်အရေးများ တရားမျှတစွာ ရရှိရေး၊ လူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာ သန်စွမ်းသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် ပြည်ပ ဆက်ဆံရေးအဖြစ် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အကျိုးတူ ပူပေါင်း ဆက်ဆံရေးတို့ ပါဝင်သည်။ ဖွဲ့စည်း တည်ထောင်မည့် ပါတီတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံရေး မျိုးဆက်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ အပါအဝင် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပါတီမှတ်ပုံတင်ရေး ကိစ္စရပ်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ထပ်လောင်း ပြောကြားသည်။
Source : https://goo.gl/zhoLRD
via IFTTT
No comments:
Post a Comment