ပြည်မြို့တွင် ဒေသခံများ လုံခြုံရေးအဖွဲ့ ဖွဲ့ ပြည်၊ ဇူလိုင် ၄ ပြည်မြို့တွင် ၆ ရက်ဆက်တိုက် အုပ်စုဖွဲ့ ဓားခုတ်မှုများ ဖြစ်ပွားလာသောကြောင့် ရပ်ကွက်အလိုက် ဒေသခံများက ဇူလိုင်လဆန်းမှစတင်ကာ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ညစဉ် လုံခြုံရေး ဆောင်ရွက်နေကြောင်း ကျောင်းကြီး အိုးတန်းရပ်ကွက်မှ လုံခြုံရေးအဖွဲ့ ဦးဆောင်သူ ဦးဇော်ထွန်းနိုင်က ပြောကြားသည်။ ပြည်မြို့တွင် မေလကုန်မှစတင်ကာ ရှို့မီးဟု ယူဆရသော မီးလန့်ခြင်း၊ အုပ်စုဖွဲ့ ရန်ကားမှုများ ဖြစ်ပေါ်နေသောကြောင့် ရပ်ကွက်ရှိ ဒေသခံ ၈၀ ကျော်ဖြင့် လုံခြုံရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့က ၁၀ ဦး တစ်ဖွဲ့ဖြင့် ညစဉ် ကင်းလှည့်ခြင်း၊ ပျက်စီးနေသော ရပ်ကွက် လမ်းမီးတိုင်များကို ပြင်ဆင်ခြင်းများ လုပ်ဆောင်ကြောင်း၊ လက်ရှိတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ၊ မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင် အင်အားဖြည့် ကူညီလာကြောင်း ၎င်းထံမှသိရသည်။ “ရဲကို မယုံလို့လည်း မဟုတ်ပါဘူး၊ ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက် ကိုယ်တိုင်လုပ်မှရမှာ ဖြစ်လို့ပါ၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ ရဲကလည်း လူအင်အား ဖြည့်ပေးတယ်”ဟု လုံခြုံရေးအဖွဲ့ ဦးဆောင်သူ ဦးဇော်ထွန်းနိုင်က ပြောဆိုသည်။ ရပ်ကွက်နေသူများ ပါဝင်သော လုံခြုံရေးအဖွဲ့များကို ရပ်ကွက်တိုင်း လုပ်စေလိုကြောင်း၊ တုတ်ဓား လက်နက်ကိုင်ကာ မူးယစ်သောက်စားသူများ၊ ဓားကိုင် ရမ်းကားသူများကို ပြည်သူများအနေနှင့် တွေ့ရှိပါက အကြောင်းကြားပေးစေလိုကြောင်း၊ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ပါက အရေးယူမည်ဖြစ်ပြီး ဥပဒေတွင် အားနည်းချက်များ ရှိနေသောကြောင့် တုတ်၊ ဓားကိုင်ဆောင်မှုများကို ဖမ်းဆီးရာတွင် အခက်အခဲ ဖြစ်နေကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦးက ပြောကြားသည်။ “ရမ်းကားမှ အကြောင်းကြားတော့ ကျွန်တော်တို့ ရောက်သွားတော့ တရားခံက ထွက်ပြေးသွားပြီ”ဟု ၎င်းက ပြောဆိုသည်။ ပြည်မြို့ပေါ် ၁၀ ရပ်ကွက်ရှိ ရပ်ကွက် အများစုတွင် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး ဒေသခံ ၁၀ ဦးကျော်ဖြင့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်နေကြောင်း၊ ယင်းအဖွဲ့တွင်လည်း ရဲအင်အား ပါဝင်ပေးခြင်း၊ ရဲတပ်ဖွဲ့က လှည့်ကင်း၊ ရပ်ကင်းများဖြင့် ဖမ်းဆီး အရေးယူရန် ဆောင်ရွက်နေရကြောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ပြည်မြို့တွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ၆ ရက် ဆက်တိုက် ဓားခုတ်မှုများ ဖြစ်ပေါ်နေပြီး လူသတ်မှုအထိပါ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံများအနေနှင့် စိုးရိမ်ပူပန်နေကြောင်း၊ ဓားခုတ်မှုများ အပါအဝင် အခြားသော အမှုအခင်းများ ကျဆင်းစေရန် ရပ်ကွက်အလိုက် ပြည်သူများက တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောကြားသည်။ ပြည်မြို့တွင် ဇွန်လ ၂၈ ရက်က Royal Star KTV တွင် ဆိုင်ဝန်ထမ်းများက ဧည့်သည် လူငယ်သုံးဦးကို ရိုက်နှက်ကာ ဓားဖြင့်ထိုးရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရမှု၊ ဇွန်လ ၂၉ ရက်က မိုးမေတ္တာ နာရေးကူညီမှု အသင်းဝင် လူငယ်နှစ်ဦး ဓားထိုးခံရမှု၊ ဇွန်လ ၃၀ ရက်က လှိုင်းဧရာ စင်တင်စားသောက်ဆိုင်တွင် အုပ်စုဖွဲ့ ဓားဖြင့်ခုတ်မှု၊ ဇူလိုင်လ ၂ ရက်က လွင် စကိတ် အားကစားကွင်းရှေ့တွင် လူငယ်အဖွဲ့နှစ်ဖွဲ့ ဓားရှည်များဖြင့် ရန်ဖြစ်မှု၊ ဇွန်လ ၃ ရက်က မြို့တော်ခန်းမရှေ့တွင် ဆိုင်ကယ်ဘီးပေါက်ကာ တွန်းလာသော လူငယ်သုံးဦးကို လူတစ်စုက အုပ်စုဖွဲ့ ရန်စကာ ပုလင်းကွဲဖြင့် ထိုးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ပြည်မြို့တွင် နာရေး ကူညီမှုအသင်းနှင့် ပရဟိတအဖွဲ့များကို လူတစ်စုက လက်ကိုင်ဖုန်းဖြင့် အသက် အန္တရာယ်များ ခြိမ်းခြောက် ပြောဆိုမှု၊ ညပိုင်းတွင် ဖြစ်ပေါ်သော ယာဉ်မတော်တဆမှု နေရာများသို့ လူနာ သယ်ဆောင်ရန်သွားစဉ် ပရဟိတယာဉ်များကို ခဲဖြင့်ထုခြင်း၊ ရှေ့မှပိတ်ရပ်ခြင်း၊ ဆဲဆိုခြင်းများ ကြုံနေရကြောင်း ပြည်အခြေစိုက် ပရဟိတအဖွဲ့များထံမှ စုံစမ်း သိရသည်။
Source : https://goo.gl/RXD8HM
via IFTTT
No comments:
Post a Comment