Thursday, July 6, 2017

The Voice

မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု မဖြစ်စေရန် အရေးပေါ် အချက်ပြစနစ်ဖြင့် စောင့်ကြည့် ရန်ကုန်၊ ဇူလိုင် ၅ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သို့ ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ တရုတ်ပြည်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ် အချက်ပြစနစ်ဖြင့် စောင့်ကြည့်လျက် ရှိကြောင်း အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP ထံမှ သိရသည်။ “ပိုက်လိုင်းတစ်လျှောက်ကို ပြုပြင်ရေးစခန်း လေးခုနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ ပြုပြင်မှုတွေ လုပ်ဆောင်တယ်။ အခုလည်း အချက်ပြစနစ် တပ်ဆင်ထားပြီး အရေးပေါ် အခြေအနေကို ချက်ချင်းသိနိုင်အောင် ဆောင်ရွက်ထားတယ်” ဟု SEAGP ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးတိမ်က ဆိုသည်။ တရုတ်နိုင်ငံ အမျိုးသားရေနံကော်ပိုရေးရှင်းက လုပ်ဆောင်သည့် တရုတ်နိုင်ငံ အနောက်တောင်ဘက် ကွေ့ကျိုးပြည်နယ်တွင် ဇူလိုင်လ ၂ ရက်က မြန်မာနိုင်ငံက ပို့လွှတ်သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူရှစ်ဦး သေဆုံးကာ လူသုံးဆယ်ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ ပေါက်ကွဲမှုမှာ ကွေ့ကျိုးပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားသောကြောင့် မြေပြိုခဲ့ပြီး ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ပိုက်လိုင်းပျက်နေခြင်း၊ လူ၏ပေါ့ဆခြင်းကြောင့် မဟုတ်ဘဲ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တရုတ်သတင်းဌာန ဖော်ပြမှုကို ၎င်းက ရှင်းပြသည်။ ယင်းသို့ ပေါက်ကွဲမှု ဖြစ်ခဲ့သော်လည်း ကျောက်ဖြူမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်နေဆဲ ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့လွှတ်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ်လျှင် ငါးဘီလီယံ ကုဗမီတာ ပို့လွှတ်ပြီး မြန်မာနိုင်ငံအတွက် ၂၀ ရာခိုင်နှုန်း သုံးစွဲကြောင်း SEAGP ကုမ္ပဏီ၊ ဒုတိယမန်နေဂျာ Herny Zhang က ဆိုသည်။ မြန်မာ-တရုတ်ပိုက်လိုင်း လည်ပတ်ရန် ဦးဆောင်ကုမ္ပဏီဖြစ်သည့် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ CNPC နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှစ် ၃၀ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လက စတင်လည်ပတ်ခဲ့သည်။
Source : https://goo.gl/PJTFv8
via IFTTT

No comments:

Post a Comment