လုကာကုကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၁၀၀ ပေးချေခေါ်ယူရန် မန်ယူ စီစဉ် မန်ချက်စတာ၊ ဇူလိုင် ၆ မန်ယူအသင်းသည် ချယ်လ်ဆီးနည်းပြ ကွန်တီ၏ ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသော အဲဗာတန် တိုက်စစ်မှူး လုကာကုကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် သန်း ၁၀၀ ပေးချေခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး ယင်းအပြောင်းအရွှေ့မှာ ဖြစ်မြောက်လာနိုင်ဖွယ် အခြေအနေများလည်း ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။ အဲဗာတန်သည် လက်ရှိတွင် လုကာကုကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အဆင်သင့် အစားပြန်ဖြည့်နိုင်ရန် ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီဖြစ်ပြီး မန်ယူတိုက်စစ်မှူး ရူနီနှင့် အာဆင်နယ် တိုက်စစ်မှူး ဂျီရုဒ်တို့မှာ အဲဗာတန်အသင်း အလိုရှိနေသော ကစားသမားစာရင်း၌ ထိပ်ဆုံးနေရာတွင် ပါရှိနေကြသည်။ အာဆင်နယ်သည် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏ ပေးချေခေါ်ယူလိုက် အပြီးတွင် ယင်းကုန်ကျစရိတ်ကို ပြန်လည်ရှာဖွေရန် အသင်းရှိ ကစားသမားအချို့ကို ကျိန်းသေရောင်းထုတ်တော့မည် ဖြစ်ပြီး လာကာဇက် ပြောင်းရွှေ့ရောက်ရှိလာခြင်းကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် အာမခံချက် လျော့ကျသွားမည်ကို စိုးရိမ်နေသော ဂျီရုဒ်မှာ အသင်းပြောင်းရွှေ့ရေးကို စဉ်းစားမှုများ ရှိနေပြီ ဖြစ်သည်။ မန်ယူသည် လုကာကုကို ခေါ်ယူရရှိမည် ဆိုပါက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် သုံးစွဲရန် စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုကလည်း အမေရိကန်ပြည်ထောင်စုသို့ ရာသီကြို ခြေစမ်းခရီးစဉ် မသွားရောက်မီတွင် အသင်းအတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူထားပြီး ဖြစ်စေလိုကြောင်း ၎င်း၏ဆန္ဒကို ဖွင့်ဟအသိပေးလိုက်ပြီ ဖြစ်သည်။ ချယ်လ်ဆီးနည်းပြ ကွန်တီသည် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ရောင်းထုတ်၍ ယင်းကွက်လပ်ကို လုကာကုဖြင့် အစားဖြည့်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အကယ်၍ လုကာကုကို မန်ယူ ခေါ်ယူရရှိသွားခဲ့မည် ဆိုပါက ကွန်တီအတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ရပ် ဖြစ်လာတော့မည် ဖြစ်သည်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူများသည် လုကာကုကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၁၀၀ အသုံးပြုရမည်ကို တွေဝေမှုများ ရှိနေပြီး ၎င်းအလိုရှိသည့် အဓိက ပစ်မှတ်ကစားသမားများမှာ ယခုအချိန်တိုင်သည်အထိ အသင်းထံသို့ ရောက်မလာသေးခြင်းနှင့် စပ်လျဉ်း၍ ကွန်တီမှာ ဒေါသပေါက်ကွဲနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။
Source : https://goo.gl/1QVsEZ
via IFTTT
No comments:
Post a Comment