Saturday, July 8, 2017

The Voice

မီဒီယာကို ထောက်လှမ်းသည့် တပ်မတော်သားနှင့် အမှုမဖွင့်ပေးသော ဗဟန်းမြို့မ စခန်းမှူးကို အရေးယူရန် တရားရုံးသို့ ဦးတိုက်လျှောက်မည် ရန်ကုန်၊ ဇူလိုင် ၇ မီဒီယာများကို ထောက်လှမ်းသည့် တပ်မတော်သားနှင့် အမှုမဖွင့်ပေးသော ဗဟန်းမြို့မ ရဲစခန်းမှူးကို ဥပဒေအရ အရေးယူရန် တရားရုံးသို့ ဦးတိုက်လျှောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) မှ ကိုသာလွန်ဇောင်းထက်က The Voice သို့ ပြောကြားသည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင် (ကိုယ်ပိုင်အမှတ် ၈ ၅၂၂၉၄) သည် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ရုံးချိန်းတွင် သတင်းလာယူသော သတင်းသမားများကို နောက်ယောင်ခံလိုက်ခြင်း၊ တစ်ဦးချင်းစီကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခြင်း လုပ်ဆောင်ခဲ့သဖြင့် မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီက ဗဟန်းရဲစခန်းတွင် ဇွန်လ ၃၀ ရက်က အမှုဖွင့်ခဲ့သည်။ ယင်းသို့ အမှုဖွင့်ရာတွင် တပ်ကြပ် စိုးမြင့်အောင်သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် မငြိစွန်းကြောင်း၊ ဂုဏ်သိက္ခာအရ နစ်နာသည်ဟု ယူဆပါက သက်ဆိုင်ရာ ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း ဇူလိုင်လ ၅ ရက်တွင် စခန်းမှူး ဒုရဲမှူးအေးမင်းသိန်းက အကြောင်းပြန်ခဲ့သည်ဟု ကိုသာလွန်းဇောင်းထက်က ဆိုသည်။ “ဗဟန်းရဲစခန်းက အပြစ်မရှိဘူးရှိတယ် ဆိုတာ ဘယ်လိုဆုံးဖြတ်သလဲဆိုတဲ့ အပေါ်မှာ ပြောရရင် သူတို့က ကျွန်တော်တို့ကို (တိုင်ကြားသူ) မေးမြန်းမှု မရှိဘဲနဲ့ အပြစ်မရှိဘူးလို့ ဘာလို့ဆုံးဖြတ်တာလဲ။ ဒါက တရားရုံးက လုပ်ရမယ့်ကိစ္စ။ သူတို့မှာ ဒီလိုလုပ်ခွင့် မရှိဘူး။ အခုသူတို့ လုပ်တာက ဥပဒေဘောင်ကျော်လုပ်တဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ The Voice Weekly က ဗဟန်းမြို့မ ရဲစခန်းသို့ မေးမြန်းရာ စခန်းမှူး ဦးအေးမင်းသိန်းသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေမှုသေခင်းတစ်ခု အတွက် သွားရောက်စစ်ဆေးနေသောကြောင့် ဖြေကြားနိုင်မည် မဟုတ်ကြောင်း၊ အမှုကိစ္စနှင့် ပတ်သက်သည်များကို ဇူလိုင်လ ၅ ရက်နေ့တွင် PCMJ သို့ ပေးပို့ထားပြီး ဖြစ်သောကြောင့် မှတ်ချက်မပေးလိုကြောင်း ဗဟန်းမြို့မှ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်က ပြောကြားသည်။ တပ်ကြပ် စိုးမြင့်အောင်သည် သာမန်သတင်းရယူခြင်း မဟုတ်ဘဲ မီဒီယာများနှင့် လူတစ်ဦးချင်းစီကို မရိုးဖြောင့် သောသဘောဖြင့် နောက်ယောင်ခံ မှတ်တမ်းယူသည့် သက်သေများ ရရှိထားပြီး တပ်ကြပ်စိုးမြင့်အောင် အပါအဝင် ၎င်းကို ဥပဒေနှင့် ငြိမ်စွန်းမှု မရှိကြောင်း အကြောင်းပြန်လာသည့် ဗဟန်းမြို့မ ရဲစခန်း စခန်းမှူးကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု သတင်းသမားများကာကွယ်ရေး ကော်မတီက ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ’ ကို ၂၀၁၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပုဂ္ဂိုလ်တစ်စုံတစ်ဦး၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသည့် နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်ခြောက်လမှ သုံးနှစ်အထိအပြင် ဒဏ်ငွေကျပ်သုံးသိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
Source : https://goo.gl/yJ8s4k
via IFTTT

No comments:

Post a Comment