Saturday, July 15, 2017

The Voice

အချက်အလက် ရှာဖွေရေးအဖွဲ့ကို ထောက်ခံရန် ယန်ဟီးလီ အကြံပြုချက် မြန်မာလူ့အခွင့်အရေး ကော်မရှင် ငြင်း ရန်ကုန်၊ ဇူလိုင် ၁၄ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မောင်တောဒေသအရေး စုံစမ်းရန် စေလွှတ်မည့် အချက်အလက် ရှာဖွေရေးအဖွဲ့ကို ထောက်ခံပေးရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ အကြံပြုချက်ကို ငြင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါအဖွဲ့ဖွဲ့စည်းမှုကို ထောက်ခံကြောင်း ထုတ်ပြန်ချက်ထုတ်ပေး၍ ကူညီပေးရန် မစ္စယန်ဟီးလီက တောင်းဆိုခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။ “ဒီကိစ္စဟာ အင်မတန်မှ သိမ်မွေ့နက်နဲတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုနက်နဲသိမ်မွေ့တဲ့ကိစ္စမျိုးမှာ အရမ်းလုပ်သင့် မလုပ်သင့်ဆိုတာမျိုးတော့ စဉ်းစားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက် ၍ မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို အစိုးရက တာဝန်ပေးထား ပြီး မောင်တောအရေးနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းထားကြောင်း၊ အဆိုပါကော်မရှင်များတွင် လူ့အခွင့်အရေးကော်မရှင်မှ ပုဂ္ဂိုလ်များလည်းပါဝင်ကြောင်း ဦးဝင်းမြက ပြောဆိုသည်။ “သူတို့ လုပ်သင့် လုပ်ထိုက်တာ လေးတွေကို လုပ်နေတဲ့ အနေအထားမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ဒီလိုနေရာမျိုးမှာ အရမ်းတိုက်တွန်းဖို့ မတိုက်တွန်းဖို့ဆိုတာတော့ အများကြီးစဉ်းစားဖို့ လိုတာပေါ့ လို့ ဖြေလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။ မစ္စယန်ဟီးလီသည် ရခိုင်ပြည်ခရီး အပြီးတွင် တစ်ရက်အကြာ ဇူလိုင်လ ၁၄ ရက်နေ့၌ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။ ယင်းသို့တွေ့ဆုံစဉ် မစ္စယန်ဟီးလီက လူ့အခွင့်အရေးကော်မရှင် အနေနှင့် မြန်မာတစ်နိုင်ငံလုံးရှိ လူ့အခွင့်အရေး ချိုးဖောက်ခံနေမှုများကို လိုက်လံစုံစမ်း စစ်ဆေးရန်အကြံပြုခဲ့ကြောင်း အဆိုပါကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောကြားသည်။ ကော်မရှင်အနေနှင့် ယင်းသို့စုံစမ်းလိုသော်လည်း လက်ရှိတွင် ဝန်ထမ်းအင်အား ၅၉ ဦးနှင့် ကော်မရှင်အဖွဲ့ဝင် ခုနစ်ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေရသဖြင့် ဝန်ထမ်းအင်အား မလုံလောက် ၍ လုပ်ငန်းများ နှောင့်နှေးနေခြင်း သာဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။ အထူးစီးပွားရေးဇုန်များရှိ ဒေသခံများ ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများကို စုံစမ်းစစ်ဆေးပေးရန်လည်း မစ္စယန်ဟီး လီက အကြံပြုခဲ့ကြောင်း ၎င်းက ဆိုသည်။ မစ္စယန်ဟီးလီ မြန်မာနိုင်ငံသို့ ယခု လာရောက်သည့် ခရီးစဉ်မှာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင်၏ လုပ်ပိုင်ခွင့် တာဝန်နှင့် ပတ်သက်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက Fact-Finding Mission ကို ဖွဲ့စည်းစေလွှတ်ရန် ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ လက်တွေ့အနေအထားနှင့် မကိုက်ညီသည့်အပြင် ရခိုင်ပြည်နယ်အရေးကိုလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသောကြောင့် လက်မခံကြောင်း မြန်မာနိုင်ငံအစိုးရက တရားဝင်ကြေညာထားသည်။
Source : http://ift.tt/2tqiuN1
via IFTTT

No comments:

Post a Comment