အင်ဒိုနီးရှား ဆူမတြာ မြောက်ပိုင်းက ဆန်စက်ပိုင်ရှင်ရဲ့ အိပ်မက် “အဟော့က် (Ahok) က ကျနော်တို့ မဲဒန် (Medan – ဆူမတြာ မြောက်ပိုင်း၏ မြို့တော်) တရုတ်တွေနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့မြို့က အမြဲတမ်း ဘေးကင်းပြီး ဟန်ချက်ညီမျှမှု ရှိခဲ့တယ်။ ကျနော်တု့ိဆီမှာ မတော်တဆ အဖြစ်အပျက်တချို့ ရှိခဲ့တဲ့ ၁၉၉၈ ခု နှစ်တုန်းကတောင်မှ ဂျကာတာလို မဟုတ်ဘူး။ ကျနော်တို့ အားလုံး ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့တယ်။” အသက် ၄၈ နှစ်အရွယ် အင်ဒိုနီးရှား နိုင်ငံသား တရုတ်လူမျိုးတဦး ဖြစ်သည့် ဒါဝင် (Darwin) က မြောက် ဆူမတြာ မြို့တော်၏ ဆင်ခြေဖုံး Sunggal မှ ဆန်စက်ပိုင်ရှင် တယောက် ဖြစ်ပါသည်။ အင်ဒိုနီးရှားစကားကို ဟုတ်ကီယန့် (Hokkien) တရုတ် စကားလုံးများဖြင့်ရော၍ ပြောတတ်သည့် တီယိုချူး (Teochew) တရုတ်မျိုးနွယ် (Guangdong ပြည်နယ် အရှေ့ပိုင်းမှ မျိုးနွယ် တခု) ဖြစ်သည့် ဒါဝင်က အငြင်းပွားဖွယ်ရာ ထောင်ကျခဲ့ရသည့် ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း အဟော့က်ကို ရည်ညွှန်းပြောဆိုသည့် အချိန်တွင် ခံစားချက်မဲ့သောအသွင် ရှိသည်။ အဟော့က်လက်အောက်မှ ဂျာကာတာနှင့် အလွန်တက်ကြွသည့် မြို့တော်ဝန် ထရီ ရစ်စမာဟာရီနီ (Tri Rismaharini) ၏ လက်အောက်မှ အရှေ့ဂျာဗားရှိ ဆူရာဘာယာ (Surabaya) တို့က မယုံနိုင်စရာ တိုးတက်အောင် လုပ်နိုင်ခဲ့ကြောင်း ကျနော်က ထောက်ပြသောအခါ ဒါဝင်က သိမ်မွေ့စွာ တုန့်ပြန်သည်။ “ဂျာဗားလူမျိုး (Javanese) တွေက စီမံခန့်ခွဲဖို့ လွယ်တယ်။ မဲဒန်မှာတော့ Bataks (ဆူမတြာမြောက်ပိုင်းမှ တိုင်း ရင်းသားလူမျိုးစုများ)၊ Melayus (မလေးနွယ်ဖွားများ)၊ ဂျာဗားလူမျိုးတွေ၊ တရုတ်တွေနဲ့ အိန္ဒိယနွယ်ဖွား တွေရှိတယ်။ သူတို့အားလုံးကို ဘယ်လိုကိုင်တွယ်မလဲ။” လူဦးရေ ၂ သန်းကျော်ရှိသည့် မဲဒန်က အင်ဒိုနီးရှားနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဂျာဗားကျွန်း အပြင်ဖက်တွင် လူဦးရေ အထူထပ်ဆုံး ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအတွင်းတွင် လူမျိုးစုံလင် ကွဲပြားမှုအများဆုံး နေရာ များထဲမှ တခုလည်း ဖြစ်သည်။ Batak ၃၄ရာခိုင်နှုန်း(အများစုမှာ ခရစ်ယန်များ ဖြစ်သည်)၊ ဂျာဗားလူမျိုး ၃၃ ရာခိုင် နှုန်း၊ တရုတ် ၁၀.၆၅ ရာခိုင်နှုန်း၊ Minangkabau (မလေးတိုင်းရင်းသားမျိုးနွယ်တခု) ၈.၆ ရာခိုင်နှုန်း နှင့် မလေး လူမျိုး ၆.၅၉ ရာခိုင်နှုန်း ရှိသည်။ ထိုသို့ ကွဲပြားနေခြင်းကြောင့် မဲဒန်၏ ကွဲပြားသော အသိုင်းအဝိုင်းများကို စည်းလုံးစေရေးက ခက်ခဲသော တာဝန် တခု ဖြစ်ပါလိမ့်မည်။ လုံလောက်သော လူဦးရေရှိသော်လည်း ဆူမတြာမြောက်ပိုင်းက ၎င်းနှင့် အရွယ်အစားတူသော ဂျကာတာနှင့် ဘန်တန် (Banteng) လို ဂျာဗားမြို့များနှင့် စာလျှင် နိုင်ငံရေးအရ အားနည်းမှုများ ရှိနေသည်။ အမျိုးမျိုးကွဲပြားနေသည့် ပြည်သူများ ရှိနေခြင်းကြောင့် ဒေသခေါင်းဆောင်များမှာ ဖွံ့ဖြိုးရေး ရံပုံငွေများ တောင်းဆိုရေး အခက်တွေ့ရလေ့ရှိသည်။ အဆိုပါ အခက်အခဲများကို မဲဒန်၏ ဆိုးရွားသော လမ်းများနှင့် အခြေခံ အဆောက်အဦး ပြဿနာများက ထင်ထင် ရှားရှားပင် သက်သေပြနေသည်။ ဒါဝင် ၏ မိသားစုက မဲဒန်တွင် ဆန်စက်လုပ်ငန်းလုပ်ခဲ့သည်မှာ မျိုးဆက် ၃ ခုရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ လုပ်ငန်းက စတုတ္ထမြောက်မျိုးဆက်သို့ ရောက်ရှိရေးက မသေချာနိုင်တော့ပါ။ “ကျနော့် အဖိုးက တရုတ်နိုင်ငံကလာတယ်။ ဆန်စက် အတွက် ဒီမြေကို ဝယ်ခဲ့တယ်။ ကျနော့် အဖေက လုပ်ငန်းကို ဆက်လုပ်ပြီး နောက်တော့ ကျနော့်ကို လွှဲပေးခဲ့တယ်။ ဒီမြေက ကျနော်တို့ မိသားစု အမွေအနှစ်ပါ။” ဒါဝင်က စကား နည်းသူတယောက်ဖြစ်သည်။ သူ၏ အမှတ်တံဆိပ်မှာ သံပုရာခွံရောင် ဦးထုပ်နှင့် လည်ပင်းမှာ ပတ်ထားသော ပုဝါဖြစ်သည်။ သူ၏ သူငယ်ချင်းများက အားခန် (Ah Kheng) ဟု ခေါ်ကြသော ဒါဝင်က သူ့ဆန်စက် လုပ်ငန်းခွင် အတွင်းသို့ ကျနော့်ကို ခေါ်သွားပါသည်။ စပါးများကို အခြောက်ခံစဉ်/ Karim Raslan “လယ်သမားတွေဆီက စပါးလိုက်ကောက်တဲ့ ပွဲစားတွေဆီက စပါးဝယ်တာနဲ့ စရတယ်။ ကျနော်တို့က တကီလိုကို ရူပီးယား(အင်ဒိုနီးရှားငွေ) ၄၂၀၀ နဲ့ ဝယ်တယ်။” “ပြီးရင် ဒီစက်ထဲကိုထည့်ပြီး ၁၀ နာရီလောက် အခြောက်ခံရတယ်။ တကယ်လို့ အခြောက်ခံစက်က ပြည့်နေပြီဆိုရင် တော့ ကျနော်တို့က နေပူထဲမှာ ထားပြီး အခြောက်ခံရတယ်” ဟု သူက ၂ ထပ် အမြင့်ခန့် ထိုးထိုးထောင်ထောင် ဖြစ် နေသော စက်တလုံးကို ညွှန်ပြရင်း ပြောသည်။ “စပါးခြောက်သွားပြီဆိုရင် အခွံခွာတဲ့ (စပါးကြိတ်တဲ့) နောက်ထပ် စက် ၁ လုံး ဆီကို ပို့ရတယ်။ အဲဒီနောက် ဆန်နဲ့ စပါးခွံတွေကို ဆန်ကာနဲ့ ခွဲထုတ်ပြီး သတ်သတ်စီ ဖြစ်အောင်လုပ်လိုက်တယ်။ စပါးခွံတွေကိုတော့ လယ်သမားတွေ မြေသြဇာအဖြစ် သုံးဖို့ လယ်သမားတွေကို ပေးဖို့ ကျနော်တို့ သိမ်းထားတယ်။” “နောက်ဆုံးမှာ ကျနော်တို့က ဆန်တွေကို ယူပြီး ၅ ကီလို၊ ၁၀ ကီလို၊ ၁၅ ကီလို ဒါမှ မဟုတ် ၃၀ ကီလို စီဆန့်တဲ့ ဆန် အိတ်တွေထဲကို ထည့်တယ်။ ကျနော်တို့က တကီလိုကို ရူပီးယား ၉၀၀၀ ဈေးနဲ့ ဖြန့်ပါတယ်။ ဈေးသည်တွေကတော့ တကီလိုကို ရူပီးယား ၉၅၀၀ နဲ့ ပြန်ရောင်းပါတယ်။” စက်ရုံထဲတွင် လျှောက်သွားချိန်၌ ကျနော့်နားထဲတွင် အသံတွေ စီစီညံနေသည်။ စက်များလည်ပတ်နေသည့် အသံ၊ ကြမ်းပြင်မာမာမှာ ဆန်အိတ်များ တွန်းရွှေ့နေသည့် အသံ၊ ဆန်ကာချနေသည့် ဆန်များ လှုပ်ရှားသည့် အသံများ ဆက်တိုက်ကြားနေရသည့် အပြင် တခါတရံတွင် ဒါဝင်က သူ၏ အလုပ်သမား ၁၅ ဦးကို အော်ဟစ်နေသေးသည်။ ယောက်ယက်ခတ်လှုပ်ရှားနေသည့် နေရာတခု ဖြစ်ပြီး ဆန်တင်ထားသည့် တွန်းလှည်းကို အလောကြီး တွန်းလာသည့် အလုပ်သမားကို ကျနော် ရှောင်တိမ်းခဲ့ရသည်မှာ တကြိမ်မကပါ။ အလုပ်ချိန် မနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်းတွင် တနေ့လျှင် ဆန်တန်ချိန် ၃၀ ထုတ်လုပ်နိုင်ပါသည်။ အပြီးသတ် ထုတ်လုပ်လိုက်သည့် ဆန်များကို မဲဒန်နှင့် မြို့ပတ်လည် ကီလိုမီတာ ၁၅၀ အတွင်းမှ ဈေးများသို့ ပို့ပေးသည်။ အားလုံးက အထင်ကြီးလောက်စရာ ဖြစ်သော်လည်း ဒါဝင်ကတော့ နောက်မှာ ပို၍ ကျန်နေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ “လက်ကြီးသမားတွေကို ကျနော် မယှဉ်နိုင်ဘူး။ သူတို့က အရင်းအနှီး ပိုများတယ်။ သူတို့က ဆန်တွေ အများကြီး လက်ထဲမှာ ထားပြီးတော့ ဈေးကွက် အခြေအနေကို စောင့်ကြည့်နိုင်တယ်။ လူတွေကလဲ အခုဆိုရင် ထိုင်းနဲ့ ဗီယက်နမ်က တင်သွင်းတဲ့ ဆန်တွေကို ပိုပြီး ဝယ်လာကြတယ်။ သူတို့ဆန်က အရသာပိုကောင်းပြီး ဈေးလည်း ပိုချိုတယ်” ဟု သူက ရှင်းပြသည်။ သမီး ၂ ယောက်၏ ဖခင်ဖြစ်သော ဒါဝင်က အနာဂတ်နှင့် ပတ်သက်၍ စတင် စဉ်းစားနေရပြီ ဖြစ်သည်။ သူ့တွင် ညီမ ၄ ယောက်ရှိပြီး အသက် ၃၀ အရွယ် ညီတယောက်က လုပ်ငန်းတွင် သူ့ကို ကူညီပေးနေသည်။ သူ၏ ကလေးများအတွက် မည်သို့ မျှော်လင့်ထားသနည်း ဟု ကျနော် မေးကြည့်မိပါသည်။ “သူတို့ အပေါ်မှာပဲ တည်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတော့ မဟုတ်ဘူး။ စက်ရုံထဲမှာက ဖုန်တွေ အမှုန်တွေ အရမ်း များတယ်။ ပူတယ်၊ လေထုညစ်ညမ်းတယ်။ ပင်ပန်းတယ်။” “ကျနော့်အတွက်က သူတို့ကို ပညာသင်ပေးဖို့ အရေးကြီးတယ်။ ကျနော် သမီး ၂ ယောက်ကို ပုဂ္ဂလိက ကျောင်းကိုပို့ ထားတယ်။ အဲဒါမှ သူတို့ မန်ဒရင်းနဲ့ အင်္ဂလိပ်စာကို နေ့တိုင်းသင်လို့ ရမှာ။ အဲဒီဘာသာစကား ၂ ခုက တူတူပဲ အရေး ကြီးတယ်။ အဲဒါမှ သူတို့ အနာဂါတ်ကို ဒီဆန်စက် အပြင်ဖက်မှာ သူတို့ ရနိုင်မယ်။” နောက်ပိုင်းတွင် သူတို့မိသားစု၏ အမွေအနှစ်ဖြစ်သော ဆန်စက်က မည်သို့ ဖြစ်လာမည်နည်း။ “ကျနော်က ကျနော့် သမီးတွေကို လုပ်ငန်းလွှဲပေးမယ့် အစား ပိုက်ဆံပဲ ပေးချင်တယ်။ သူတို့လုပ်ချင်တာ လုပ်ခွင့်ပေးမယ်။ ဆန်စက်တခုမှာတော့ မဟုတ်ဘူး။ ဒါက ကျနော်တို့ မိသားစု လုပ်ခဲ့တာ မျိုးဆက် ၃ ခုရှိသွားပြီ။ ဒါပေမယ့် ..” သူ့စကား ရပ်တန့်သွားသည်။ ဝါကျ ဆုံးသည်အထိ ဒါဝင်က ဆက်မပြောတော့ပါ။ အခြောက်ခံပြီး စပါးများ အခွံချွတ် ကြိတ်ခွဲရန် အသင့်/ Karim Raslan သို့သော်လည်း ကျနော် ခံစားမှုတခုကို ရလိုက်သည်။ အကယ်၍ သူတတ်နိုင်ခဲ့လျှင် ဒါဝင်က သူ အကျွမ်းတဝင် ရှိသည့် အလုပ်ကိုပဲ ဆက်လုပ်လိမ့်မည် ဖြစ်သည်။ ဒါဝင်က အဝေးသို့ ထွက်သွားရန် သို့မဟုတ် စက်ရုံထဲက ဘဝကို စွန့်ခွာရန် စိတ်မကူးပါ။ ယခင်က သူ့ အဖိုးနှင့် ဖခင်ကဲ့သို့ပင် ဒီနေရာမှာ ပျော်သည်ဟု ကျနော့်ကို ပြောပါသည်။ သို့သော်လည်း သူ့ပတ်ဝန်းကျင်မှ ကမ္ဘာက လျှင် လျှင်မြန်မြန် ပြောင်းလဲနေသည်။ သူ၏ အကောင်းဖက်မှ မျှော်လင့်သော သုံးသပ်မှုက နှစ်ပေါင်းများစွာအတွင်း ဆူမတြာမြောက်ပိုင်း၏ (အခြားနေရာ များနှင့် ယှဉ်လျှင်) နှေးကွေးသော တိုးတက်မှုကို ရောင်ပြန်ဟပ်ပြနေခြင်း ဖြစ်နိုင်ပါသည်။ ကျနော်တည်းသည့် ဟိုတယ်မှ ဆန်စက်ရှိရာသို့သွားရာ ခရီးတွင် မဲဒန်မြို့၏ တိုးတက်မှု အားနည်းခြင်းက ကျနော့်ကို ဆွဲဆောင်ခဲ့သည်။ မဲဒန်တွင် ကွာလနမူ (Kualanamu) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (ဆူမတြာ မြောက်ပိုင်း၏ အရှေ့ဖက်ကမ်းရိုးတန်းမြို့) ထဲဘင်တင်ဂီ (Tebingtinggi) အထိ ရောက်သည့် အခပေး လမ်းကောင်းတခု ရှိသော်လည်း ကျနော်ပြောခဲ့သလိုပင် ဆိုးရွားသော၊ ယာဉ်များဖြင့် ပြည့်ကျပ်နေသော လမ်းများကြောင့် ကောင်းသည့် အရာအားလုံးကို မေ့ပျောက်သွားရန် လွယ်ကူစေသည်။ မဲဒန်ဆိပ်ကမ်းကို ပြင်ဆင်ခြင်းနှင့် အနီးမှ လေဆိပ်ကို မွမ်းမံခြင်းကဲ့သို့သော ဒေါ်လာသန်းပေါင်းများစွာ တန်သည့် စီမံကိန်းများက သတင်းများကို လွှမ်းမိုးနေသော်လည်း အခြေခံ အဆောက်အဦး ဆိုးရွားမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည့် ဆင်ခြေဖုံး Sunggal မှ ဒါဝင် ကဲ့သို့သော ပြည်သူများကို အမှတ်ရရန် အရေးကြီးပါသည်။ “အများပြည်သူ ပို့ဆောင်ရေး စနစ်က တကယ်ကို ကင်းမဲ့နေတယ်။ တကယ်လို့ ဒီအခြေအနေအတိုင်း ဆက်သွားရင် နောက် ၁၀ နှစ်ကြာတဲ့အခါ မဲဒန်မှာ ဂျကာတာထက်ဆိုးတဲ့ ယာဉ်ကျောပြဿနာတွေ ရှိလာမယ်။ မြို့တော် ဂျကာတာမှာက စီမံကိန်း အသစ်တွေနဲ့ အတူ သယ်ယူပို့ဆောင်ရေး စနစ်က တနေ့တခြား ကောင်းလာတယ်။ ဒါပေမယ့် မဲဒန်မှာကတော့ အစိုးရက အခြေခံ အဆောက်အဦးတွေနဲ့ ပတ်သက်လို့ သိပ်အလေးမပေးဘူး” ဟု ဒေသခံ စာနယ်ဇင်းသမား တဦးက ရှင်းပြပါသည်။ လာမည့်နှစ်တွင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ ရှိနေသည့် အချိန်တွင် မဲဒန်နှင့် ဆူမတြာမြောက်ပိုင်းက ၎င်း၏ နိုင်ငံရေး မရေရာမှုများကို ဖယ်ချနိုင်ပါမည်လား။ ဂျာဗားကျွန်းတွင် အခြေခံအဆောက်အဦးများက သိသိသာသာ တိုးတက်လာနေသည့် အချိန်တွင် အပြောင်းအလဲများ မပြုလုပ်ခဲ့ပါက တချိန်က အင်ဒိုနီးရှားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးသော နေရာတခု ဖြစ်ခဲ့သည့် ဆူမတြာမြောက်ပိုင်းက နောက်တွင် ထာဝရ ကျန်ရစ်နေခဲ့နိုင်ပါသည်။ (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာ ရေးသားနေသော မလေးရှား စာရေးဆရာဖြစ်သည်။ သူ၏ ဆိုရှယ်မီဒီယာများဖြစ်သော twitter.com/fromKMR နှင့် http://ift.tt/2x8ZJmc တို့ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။) The post အင်ဒိုနီးရှား ဆူမတြာ မြောက်ပိုင်းက ဆန်စက်ပိုင်ရှင်ရဲ့ အိပ်မက် appeared first on ဧရာဝတီ.
Source : http://ift.tt/2jwG76J
via IFTTT
No comments:
Post a Comment