Thursday, September 21, 2017


ရခိုင်အရေး နယ်မြေ ဆုံးရှုံးနိုင်ကြောင်း ကြံ့ခိုင်ရေး သတိပေး ရခိုင်ပြည်နယ် အရေးကိစ္စရပ်များသည် တိုင်းပြည်၏ နယ်မြေ ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်သောကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အနေဖြင့် သတိရှိရန်လိုကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ခေါင်းဆောင်တချို့က တိုက်တွန်း ပြောဆိုလိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပပြီး လူ ၁၀၀၀ ခန့် တက်ရောက်သည့် “အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည် နယ် အရေး ဆွေးနွေးပွဲ”တွင် ဦးသိန်းစိန် အစိုးရ လက်ထက်က နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့သူ ဦးဝဏ္ဏ မောင်လွင်နှင့် ကာ ကွယ်ရေး ဝန်ကြီး တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်တို့က အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။ လက်ရှိ အစိုးရလက်ထက်တွင် ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့စည်းခြင်း၊ ယင်းကော်မရှင်၏ အကြံပြုချက်များကို လက်ခံ ခြင်း၊ တိုင်းပြည်ရေးရာများကို ဆုံးဖြတ်ရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) မခေါ်ခြင်း၊ နိုင်ငံတကာ ဖိအားကို ကြောက်လန့် ခြင်းနှင့် ရခိုင်တွင် တပ်မတော်ကို ဥပဒေအရ အကာအကွယ်ပေးရန် လိုအပ်နေ ခြင်း တို့ကို ၎င်းတို့က အဓိက ထောက်ပြ ကြသည်။ “ကမ္ဘာပေါ်မှာ ပြည်ထောင်စုတွေ ပြိုကွဲတယ်။ နိုင်ငံသစ်တွေ ပေါ်လာတယ်။ သူတို့ရဲ့ လိုလားချက်က သူတို့က လွတ်လပ်တဲ့ နယ်မြေ၊ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်ချင်နေတယ်။ အဲဒီလို နေရာမှာ သူတို့ ဘာသာဝင်တွေပဲ နေချင်တယ်။ ဟိန္ဒူတွေကို သတ်ပစ်တာ ခင် ဗျားတို့ တွေ့လား။ ဒါဟာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေကြားမှာတင် ပြဿနာ မဟုတ် တော့ ပါဘူး”ဟု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။ ၎င်းတို့သည် ကိုယ့်နိုင်ငံ၊ ကိုယ်နယ်မြေနှင့် ပတ်သက်ပါက တလက်မတောင် မခံဘဲ အသက်စွန့်ခဲ့သူများ ဖြစ်၍ ရခိုင် မြောက်ပိုင်း တွင် နယ်မြေ လုနေသည့် ကိစ္စရပ်များကို လုံးဝ လက်မခံနိုင်ကြောင်း၊ ထိုသို့ ကျူးကျော်ခံရမှုအတွက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ များ၏ နယ်မြေ ရှင်းလင်းမှုများကို ရပ်ပေးပါ တောင်းဆိုမှုများ ရှိနေကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပြောဆိုသည်။ “ကိုယ့်နိုင်ငံကို မကာကွယ်ရ တော့ဘူးလား။ ကိုယ့်တိုင်းရင်းသားတွေကိုု မကာကွယ်ရ တော့ဘူးလား”ဟု ၎င်းက မေးခွန်းထုတ် သည်။ ၎င်းက ဆက်၍ “နိုင်ငံသားပေးတယ်ဆိုတာ ကိုယ့်တိုင်းပြည် အချုပ်အခြာ အာဏာနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လို့ မြန်မာနိုင်ငံက တည်ဆဲ ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ။ အဲဒီလို ဆုံးဖြတ်ရမှာကို လုံခြုံရေးကောင်စီက တွန်းအားပေးလို့ လုပ်ရပါတယ် ဆိုရင် တော့ ကျနော်တို့ အစိုးရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့် လူမျိုးကို ကိုယ့်အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချစ်ခင်မြတ်နိုးပါ တယ် ဆိုတာကို မေးခွန်း ထုတ်ရပါလိမ့်မယ်”ဟု ပြောဆိုသည်။ ယခုအချိန်တွင် တိုင်းပြည် ဦးဆောင်သူများ အနေဖြင့် လူ့အခွင့်အရေး လစ်ဘရယ်အရေးကို ဦးစားမပေးဘဲ မြန်မာ့ အရေး၊ မြန်မာ့ သွေးအတွက် အမျိုးသား လုံခြုံရေး မဟာဗျူဟာများ ချမှတ်ပြီး နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် နီးနီး ကပ်ကပ် ပေါင်းစပ်၍ ဘက်ပေါင်းစုံမှ တန်ပြန်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင် က လည်း ပြောသည်။ “ဒီမိုကရေစီ သဘောအရ မတူညီတာတွေ ဘေးဖယ်ထားပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ မိမိတို့ နိုင်ငံရဲ့မြေ တလက်မမျှ ပဲ့မထွက်သွား ရေး၊ မိမိတို့ မြန်မာလူမျိုး ကမ္ဘာတည်သရွေ့ တည်ရှိရေးနဲ့ မိမိတို့ အချုပ်အခြာ အာဏာ မိမိတို့သာ ပိုင်ဆိုင်ခွင့်ရရှိရေး ညီညီညွှတ် ညွတ် ဆောင်ရွက်သွားရမယ့် အချိန် ဖြစ်ပါတယ်”ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း လည်း ဖြစ်သူ ဦးဝေလွင်က ပြောဆိုသည်။ လက်ရှိ အစိုးရ၏ ရခိုင်အရေး ဆောင်ရွက်ချက်များသည် မှန်ကန်သည့် ရပ်တည်ချက်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး စက်တင် ဘာလ ၁၉ ရက်နေ့က ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ယခင် အစိုးရအဖွဲ့ များ၊ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က ထောက်ခံသင့်သည်ဟု မြင်ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။ “အခုက ကြံဖန်ပြီး အပြစ်တင်သလို ဖြစ်နေတယ်။ သူတို့က ကြေညာချက်ကြီးတွေ ထုတ်ပြီးတော့ ကာ/လုံ ခေါ်ပါ ဆိုတာမျိုးကတော့ အိုးကမပူ စလောင်းကပူ ဆိုတာမျိုး ဖြစ်နေတာပေါ့”ဟုလည်း နိုင်ငံရေး လေ့လာသူ ဦးရဲထွန်းက ပြောဆိုသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်အရေး ပူးတွဲ ကြေညာချက်တခုကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ပါတီ ၂၉ ပါတီ က လက်မှတ်ရေးထိုးကာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတကာ သံရုံးများသို့ ပေးပို့ခဲ့သေး သည်။ နိုင်ငံ့အရေးကို ဆုံးဖြတ်ရမည့် နေရာသည် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီပင် ယခင် အစိုးရ လက် ထက် ကလည်း ကိစ္စ အားလုံးကို ကာ/လုံတွင် အကျေအလည် ဆွေးနွေးခြင်း၊ အကျေအလည် မဟာဗျူဟာ နည်းဗျူ ဟာ များ ချမှတ်ခြင်းများ ဆောင် ရွက်ခဲ့၍ နိုင်ငံ၏ အချုပ်အခြာ အာဏာကို လုံးဝ အထိမခံဘဲ စုပေါင်း ကာကွယ်နိုင် ခဲ့ကြောင်း၊ ယင်းသို့ စုပေါင်း တာဝန်ခံသည့် အတွက် နိုင်ငံတကာက ဖိအားပေးမှုများကိုလည်း ရင်ဆိုင်နိုင်ခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။ “အခု ဒါမျိုးတွေ လုပ်ဖို့ကို ဘယ်သူတွေက လက်ခံနေလဲ။ ဘယ်သူတွေက စဉ်းစားနေလဲ။ ဘယ်သူတွေက ခေါင်း ဆောင် နေလဲ။ ဘယ်သူတွေဆီက အကြံဉာဏ်တွေ ယူပြီးတော့ ဘယ်လို ဆုံးဖြတ်နေလဲဆိုတာ ကျနော်တို့ ပြည်သူ တွေ ဘယ်သူမှ မသိရဘူး။ ဒါဆို တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနေတာက ဘယ်သူလဲ။ တိုင်းပြည် ကံကြမ္မာကို ဖန်တီးတာ ပြည်သူ့ လက်ထဲမှာပဲ ရှိရမယ်”ဟုလည်း ဦးဝဏ္ဏမောင်လွင်က ပြောဆိုသည်။ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်ကလည်း ယခင် နှစ် ၆၀ ကျော်က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း အလယ် သံကျော် ညီလာခံတွင် ရခိုင် – မွတ်စလင် အသုံးအနှုန်းကို ယနေ့တွင် ကိုဖီအာနန်၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင် အသိုင်းအဝိုင်း ဟု ပြန်လည် သုံးစွလာခြင်းသည် အံသြစရာ ကောင်းကြောင်း ပြောသည်။ “အဲဒါဟာ အံသြဖို့ ကောင်းအောင် ချိတ်ဆက်နေတယ်။ သဘောပေါက်ဖို့ ကောင်းတယ်။ သူတို့တွေ ပါဝင် အုပ်ချုပ်ဖို့ကို ခေတ်အ ဆက်ဆက် တောင်းဆိုခဲ့တယ်။ ဒီကြားထဲမှာ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေဟာ ဒီတောင်းဆိုချက် တွေ ကို ကစားကွက် လုပ်ပြီးတော့ ကိုယ့်ပါတီ အနိုင်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ကြတယ်”ဟုလည်း ၎င်းက ပြောဆို သည်။ ၎င်းက ဆက်၍ “ခေတ်အဆက်ဆက်ကနေ ပါလာရင်းနဲ့ ဒီနေ့မှာတော့ ပြင်ပက ဘာသာတူတဲ့ နိုင်ငံတွေကနေ နိုင်ငံ တကာ အရေး၊ ကမ္ဘာ့အရေး အဖြစ် ပုံဖော်ခြင်း ခံနေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖိအားပေးတဲ့ အတိုင်း သာ လိုက်ပြီး လုပ်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ ရေတိမ်မှာလည်း နစ်၊ ရေလယ်ခေါင်မှာလည်း နစ်တဲ့ ဘဝကို ရောက်မယ်လို့ သတိပေးချင်ပါတယ်”ဟု ပြောသည်။ ၁၉၈၂ နိုင်ငံသား ဥပဒေကို ကိုဖီအာနန်ကော်မရှင်က ပြင်ဆင်ရန် အကြံပြုထားမှုနှင့် ပတ်သက်၍လည်း “အဲဒီလို အလေး မထားဘဲနဲ့ လွှတ်တော်မှာ အများစုမဲနဲ့ ခလုတ်နှိပ်လိုက်ပြီး ပြင်လိုက်ရင်တော့ ကျနော်တို့ မြန်မာလူမျိုး အမျိုးပျောက်ပြီ”ဟု ဒု ဗိုလ်ချုပ်ကြီး ဟောင်း က ပြောသည်။ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်သည် မြန်မာစံနှုန်းဖြင့် မကိုက်ညီပါက လိုက်နာရန် မလိုကြောင်း၊ ယင်း အစီရင် ခံစာ သည် တိုင်းပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးစေသည့် လက် နက် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ (UN) နှင့် နိုင်ငံတချို့က အသုံုးချနိုင်သည့် လက်နက် ဖြစ်လာနိုင် ကြောင်း ၎င်းက သတိပေးသည်။ “ကိုဖီအာနန် အစီရင်ခံစာဟာ UN နဲ့ OIC (နိုင်ငံတကာ အစ္စလမ္မစ် အဖွဲ့) အားကိုးတွေနဲ့ မြန်မာနိုင်ငံ အပေါ် ဓားမိုးပြီး ပေးတဲ့ သေတမ်းစာ တစောင် အဖြစ် ကျနော် ရင်နင့်အောင် ခံစားရပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်က ပြောဆိုသွားသည်။ The post ရခိုင်အရေး နယ်မြေ ဆုံးရှုံးနိုင်ကြောင်း ကြံ့ခိုင်ရေး သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2xTnnVA
via IFTTT

No comments:

Post a Comment