ထိုင်း- ဗြိတိန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ထိုင်းနှင့် ဗြိတိသျှ စစ်တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အသစ်တရပ်ကို ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တယ်လို့ Khaosad သတင်းကဆိုပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လက်နက်ပြပွဲ တခုသို့သွားရောက်နေတဲ့ ထိုင်းကာကွယ်ရေး ဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်ဟာ ဗြိတိန်ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖယ်လွန်နဲ့တွေ့ဆုံပြီးနောက် ဒီသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးချုပ် Kongcheep Tantravanichက ဆိုပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ မနေ့က စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို Panther Gold လို့ အမည်ပေးထားပြီး၊ အောက်တိုဘာ ၃၀ ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကန်ချနဘူရီပြည်နယ်က စစ်စခန်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အမေရိကန်အပါအဝင် ဥရောပနိုင်ငံများရဲ့ ကန့်ကွက်မှုအပြီး အေးစက်နေတဲ့ ဆက်ဆံရေးကို ပြန်စလိုက်တာဖြစ်ပါတယ်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးရာမှာ စစ်ရေးပူူးပေါင်းဆောင်ရွက်မှုသာမက နိုင်ငံလုံခြုံရေး နှင့် ထိုင်းရွေးကောက်ပွဲ အကြောင်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းကာကွယ်ရေး ဝန်ကြီး ပရာဝစ်ဟာ ဗြိတိန်နိုင်ငံရဲ့ အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ အကြီးအကဲ မာ့ခ်ဖီးလ် နဲ့ တွေ့ဆုံကာ နိုင်ငံတကာလုံခြုံရေး အပါအဝင် ကာကွယ်ရေးကိစ္စ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စတွေကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးတယ်လို့ဆိုပါတယ်။ ထိုင်းအာဏာသိမ်း စစ်အစိုးရဟာ မကြာသေးမီလများက ရေငုပ်သင်္ဘော၊ တင့်ကားများ၊ ဒုံးပျံများနဲ့ လေ့ကျင့်ရေးတိုက်လေယာဉ်များ၊ စစ်သည်တင် သံချပ်ကာယာဉ်များကို ဝယ်ယူခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၉နိုင်ငံပါဝင်တဲ့ Cobra Gold (ရွှေမြွေဟောက်)စစ်ဆင်ရေးကို နှစ်စဉ် ထိုင်းနိုင်ငံမှာ ကျင်းပနေသလို၊ တရုတ်နဲ့ စစ်ရေးလေ့ကျင့်မှု ပူးတွဲပြုလုပ်လျှက်ရှိပါတယ်။ The post ထိုင်း- ဗြိတိန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xCpdK4
via IFTTT
No comments:
Post a Comment