ကချင် စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်ရေး စီစဉ်နေ ကချင်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်နိုင်တော့သည့် ဒေသများကို စိစစ်၍ စာရင်းကောက်ယူပြီး စစ်ဘေးရှောင် ဒုက္ခသည် များ နေရပ်ပြန်နိုင်ရေး အစိုးရ၊ တပ်မတော်၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ် နေပြီ ဟု ကချင် နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) က ပြောသည်။ KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ KBC နယ် ၁၅ ခုက ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန်ကနေ စပြီး အမှုဆောင် အစည်းအဝေး လုပ်မယ်။ ဘယ်နေရာဒေသက ပြန်လို့ရပြီလဲ ဆိုတာကို စာရင်း ကောက် မယ်။ တိုက်ပွဲလည်း မဖြစ်တော့ဘူး။ ပြန်နေလို့ရတဲ့ ရွာတွေကို စာရင်းကောက်မယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီ ကို ပြောသည်။ နေရပ်ပြန်နိုင်မည့် အနေအထားရှိသည့် ရွာများကို စာရင်းကောက်ယူပြီး အစိုးရ၊ တပ်မတော်နှင့် KIO တို့ကို အကြောင်း ကြား ကာ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေရာ တိုက်ပွဲများကြောင့် နေရပ်မှ စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော်ရှိပြီး ၎င်းတို့သည် ယနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါ။ သို့သော် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းက နမ္မတီးမြို့နယ်၊ ကဆုန့်ကျေးရွာ အတွင်း တိုက်ပွဲဖြစ်ပွားရာ ဘာသာရေး ဆရာတော် များ အပါအဝင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ တာဝန်ရှိသူများက နှစ်ဖက်တပ်များကို သွားရောက် ညှိနှိုင်းရာ KIA ဘက်မှလည်း တပ်ဖွဲ့တချို့ရှိသည့် နယ်မြေကို နောက်ဆုတ်ပေးခဲ့ပြီး တပ်မတော် ကလည်း ကျေးရွာများ အတွင်း အခြေစိုက်ခြင်းများ မပြုလုပ်ခဲ့သဖြင့် ဒေသခံ တထောင်ကျော် နေရပ်ပြန်နိုင်ခဲ့သည်။ ကဆုန့်ကျေးရွာဒေသခံများ ရေရှည် စစ်ဘေးရှောင်မဖြစ်ဘဲ နေရပ်သို့ ပြန်နိုင်ခြင်းကို နမူနာထားပြီး အခြားဒေသရှိ စစ်ဘေး ရှောင်များလည်း နေရပ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် KBC မှ သိက္ခာတော်ရ ဆရာတော်ကြီးများ ဇူလိုင်လက နေပြည်တော် တွင် တွေ့ဆုံပြီး စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ စစ်ဘေးရှောင်များကို အကူအညီ ပေးရေး တို့အတွက် ပူးပေါင်း လုပ်ဆောင်ရန် တိုင်ပင် ဆွေးနွေးထားကြသည်။ ထိုဆွေးနွေးချက်များ အရ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်မည်ဖြစ်ပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) နှင့်လည်း ချိတ်ဆက် ဆောင်ရွက် သွားမည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောသည်။ ဆက်လက်ပြီး ၎င်းက “စာရင်းကောက်ပြီး ရွာတွေကို ကျနော်တို့ ပြန်ပို့မယ်ဆိုတာကို လုပ်မယ်။ ဒီကိစ္စကို လုပ်ပြီးပြီ ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံကို ကျနော်တို့ အကြောင်းကြားမယ်။ အတိုင်ပင်ခံက စစ်ရှောင်တွေ နေရပ်ပြန်ရေး ကိစ္စမှာ လူကယ်ပြန် ဝန်ကြီးကို ဆက်သွယ်ဖို့ ပြောထားတာလည်း ရှိတယ်။ အတိုင်ပင်ခံနဲ့ တွေ့ပြီး ရရှိတဲ့ အကျိုးတွေက တော်တော် လေး များပါတယ်” ဟုလည်း ပြောပြသည်။ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အတွက် စာရင်းကောက်ယူမှု စိစစ်မှုများ ပြုလုပ်မည့် ကာလ ကို အောက်တိုဘာ လကုန် အထိ အချိန်ယူ လုပ်ဆောင်ရန် လျာထားသည်ဟုလည်း သိရသည်။ နေရပ်ပြန်လည်နေထိုင်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် အစိုးရထိန်းချုပ်မှု ဧရိယာမှ စစ်ဘေးရှောင်များ အတွက်သာ မဟုတ်ဘဲ အစိုးရထိန်းချုပ်မှု မဟုတ်သည့် နယ်မြေ (KIA/KIO ထိန်းချုပ်နယ်မြေ) များတွင် စစ်ရှောင်စခန်းဖွင့် နေထိုင် နေရသည့် ဒုက္ခသည်များ အတွက်လည်း ဆောင်ရွက်သွားမည်ဟု KBC ထံမှ သိရသည်။ ၂၀၁၇ ခုနှစ် ဇွန်လ တိုက်ပွဲများကြောင့် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် ပြန်နိုင် ရေး အတွက်ကိုလည်း KBC က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တွေ့ဆုံညှိနှိုင်းနေပြီး စစ်ရှောင်များက ၎င်းတို့ နေရပ်သို့ ပြန်နိုင်ရန် တိုက်ပွဲအတွင်း တပ်မတော်မှ ရှေ့တိုးထားသည့် တပ်စခန်းများကို ပြန်လည် နောက်ဆုတ်ပေး ရန် တောင်းဆိုထားသည်။ တနိုင်းစစ်ရှောင်များ နေရပ်ပြန်နိုင်ရေး အတွက် နှစ်ဖက်တပ်စခန်းများ နောက်ဆုတ်ပေးရန်၊ မိုင်းရှင်းလင်းရေး လုပ်ပေးရန် အတွက် နှစ်ဖက်တပ်များက လတ်တလောတွင် လက်မခံသေးသည့် အနေအထားရှိသဖြင့် KBC က ဒုက္ခသည်များကို ကူညီ နေသည့် အရပ်ဘက်အဖွဲ့များနှင့် ညှိနှိုင်းကာ အစိုးရတာဝန်ရှိသူများထံ အစီရင်ခံစာ တစောင် တင်ရန်လည်း ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ The post ကချင် စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်ရေး စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2jJJjvR
via IFTTT
No comments:
Post a Comment