Tuesday, September 12, 2017


မောင်တောဒေသတွင်း ပညာရေးဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် ညွန်ကြား ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာလာရသည့် ပညာရေးဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာ တာဝန်ကျနေရာများတွင် စက်တင်ဘာ ၁၇ ရက်နေ့နောက်ဆုံးထား၍ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် ပြည်နယ်ပညာရေးမှူးရုံးက ယနေ့ရက်စွဲဖြင့်ညွန်ကြားလိုက်သည်။ ညွန်ကြားချက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့အတွင်း ဆရာ/ ဆရာမများ၊ ပညာရေးရုံးဝန်ထမ်းများ အားလုံးပါဝင်ပြီး လိုက်နာမှုမရှိပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ အတိုင်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက “လုံခြုံမှု စိတ်ချရလို့ခေါ်တာပေါ့၊ ဒီအပေါ် ပြန်မလာချင် လို့ဆိုပြီး သူတို့အလုပ်ထွက်ချင်ရင်ထွက်ပေါ့၊ ကျနော်တို့က တားလို့မှမရတာ”ဟု ဧရာဝတီသို့ပြောသည်။ မောင်တောဒေသတွင်း လုံခြုံရေးရဲကင်းစခန်းများအား ARSA အဖွဲ့မှ သြဂုတ် ၂၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းကျောင်းများ ယာယီပိတ်ခဲ့ရပြီး ဆရာ/ဆရာမများအပါအဝင် ဒေသခံများမှာ မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးခိုလှုံနေဆဲဖြစ်သည်။ နေရပ်စွန့်ခွာထွက်ပြေးလာရသူများအနေဖြင့် မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းများအတွင်း နေရာချထား နေထိုင်နေရသည့်အတွက်လည်း ကျောင်းများပြန်လည်ဖွင့်လှစ်ရန် မည်သို့ စီစဉ်ထားသည်ကို မသိရသေး ကြောင်း မောင်တောမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။ ဦးထွန်းလှစိန်က “ပြန်ဖွင့်လည်း မြို့ပေါ်လောက်ပဲဖြစ်နိုင်မယ်၊ ရွာတွေမှာတော့ လုံခြုံရေးအရအဖြစ်နိုင်သေး ဘူးထင်တယ်၊ ဝန်ထမ်းတွေလည်း ကြောက်လန့်နေမှာလေ”ဟု ပြောသည်။ အကြမ်းဖက်မှုများကြောင့် မောင်တောဒေသတွင်း ကျေးရွာများမှ ရွာလုံးကျွတ်ရွေ့ပြောင်းခိုလှုံလာရသူများ လည်း ရှိနေသည့်အတွက် မြို့ပေါ်ရှိစုရပ်နေရာများတွင်သာ ယာယီဖွင့်လှစ်သင်ကြားမည်ဆိုပါက ပိုမိုအဆင် ပြေနိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။ မောင်တောမြို့ပေါ်ရှိ မြို့မကျောင်းတွင် လာရောက်ခိုလှုံနေရသည့် နံ့သာတောင်ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်မှာလည်း နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့်အတွက် ရွာတွင်ကျောင်းပြန်လည်ဖွင့်လှစ်ရန် မလွယ်ကူ ကြောင်း နံ့သာတောင်ကျောင်းဆရာတော် ကမိန့်ကြားသည်။ မြို့နယ်များရှိ ပညာရေးမှူးများအနေဖြင့်လည်း ဆရာ/ဆရာမများ၊ ဝန်ထမ်းများပြန်လည်ရောက်ရှိမှုနှင့် ပျက်ကွက်စာရင်းများကို နေ့စဉ်ပြန်တင်ပြရန်လည်း ပြည်နယ်ပညာရေးမှူးရုံးက ညွန်ကြားထားသည်။ The post မောင်တောဒေသတွင်း ပညာရေးဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် ညွန်ကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2xuhEF8
via IFTTT

No comments:

Post a Comment