ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတ ပြဿနာ မြန်မာနိုင်ငံ၏ပြည်တွင်းစစ်သက်တမ်းသည် ကမ္ဘာတွင် အရှည်ကြာဆုံးဖြစ်ပြီး ယခုအချိန်ထိ ငြိမ်းချမ်းရေးရရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကရော၊ အစိုးရနှင့် တပ်မတော်ကပါ ကြိုးပမ်း အားထုတ်နေသော အချိန်ဖြစ်ပါ သည်။ လွတ်လပ်ရေးနှင့် အတူ ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာရာတွင် ၁၉၄၈ မတိုင်ခင်ကတည်းက အလံနီကွန်မြူနစ်ပါတီလို ပါတီများက လက်နက်ဖြင့် ဖြေရှင်းမည်ဟု ဖဆပလ အစိုးရကို အစောဆုံးကြေညာခဲ့သောကြောင့် စစ်ပွဲသည် နှစ်ပေါင်း ၇၀ ခန့် ရှိပြီဟု ဆိုနိုင်ပါသည်။ သို့သော် ပြည်တွင်းစစ်သက်တမ်းရင့်လာသည့်အခါ နိုင်ငံရေးပါတီများ ဦးဆောင်သောလက်နက်ကိုင်အဖွဲ့များသည် ယခုအခါ မရှိသလောက်ဖြစ်သော်လည်း တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့များကမူ ယခုအခါ အားကောင်း မောင်းသန်ဖြင့် ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲလျက်ရှိ၏။ နှစ်ပေါင်းကြာရှည်နေသောပြည်တွင်းစစ်ကို အားလုံးကရပ်ဆိုင်းလိုကြသည်မှာ သံသယဖြစ်စရာမလိုပေ။ ယခု NLD အစိုးရ အာဏာရလာသည့်အချိန်တွင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုးပမ်းအားထုတ် ခဲ့သည်။ သို့သော် ထိုကြိုးပမ်းအားထုတ်မှုသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ အဆက်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယခင်အစိုးရရော၊ ယခုအစိုးရရော ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဦးတည်ဆွေးနွေးကြခြင်းကို ကာယကံ ရှင်များကိုယ်တိုင်အသိဖြစ်၏။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အစောဆုံး ပြည်တွင်းစစ်တွင်ပါဝင်ခဲ့သော ကရင်အမျိုးသားများမှာမူ ယခုအခါတွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးစားနေသည်။ ဤသို့ ကြိုးပမ်းနေသည်မှာ အားရစရာကောင်းသော်လည်း တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာမူ အပစ် အခတ်ရပ်စဲရေးပင်မတည်ဆောက်နိုင်သေးသောကြောင့် ယခုလို အရပ်သားအစိုးရ၊တနည်း ပြည်သူလူထုက ရွေး ချယ်တင်မြှောက်သော အစိုးရလက်ထက်တွင်ပိုပြီး နားလည်မှုရှိရှိ၊ သဘောထားကြီးကြီးဖြင့် ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ရပေမည်။ သို့သော် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သည့်အကြောင်းအချက်များတွင် အဓိကနိုင်ငံရေးအရ သဘောတူညီမှု မရနိုင်သေးသလို အရေးပါသော နောက်တချက်မှာ သယံဇာတဖြစ်လေသည်။ ထိုနှစ်ချက်မှာ တခုနှင့် တခု ဆက်စပ်ပတ်သက်လျက်ရှိ၏။ နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မူအားဖြင့် သဘော တူခဲ့ကြသော်လည်း နှစ်ပေါင်း ၇၀ လုံးလုံးပြည်ထောင်စုအစိုးရ၏ တန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို သဘော မတူနိုင်၊ မလိုက်လျောနိုင်သောကြောင့် ပြည်တွင်းစစ်ကြီးဖြစ်ရသည်။ တချိန်တည်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရသလို တိုင်းရင်းသား ဒေသများပိုင်နက်အတွင်းရှိ သယံဇာတခွဲဝေမှုတွင် တိုင်းရင်းသားများက ပြည်မနှင့် သဘောတူညီချက်မရသလို အင်းအား ကြီးမားသော ပြည်ထောင်စု အစိုးရကလည်း သယံဇာတများကို တိုင်းရင်းသားတို့ လက်ခံနိုင်လောက်အောင် ခွဲဝေမပေးနိုင်ခြင်းကြောင့်လည်း ပြည်တွင်း စစ်ကြီး အဆုံးမသတ်နိုင်ဖြစ်နေရခြင်းဖြစ်သည်ဟုသုံးသပ်ရပေမည်။ သယံဇာတထုတ်ယူရေးနှင့်ပတ်သက်ပြီးလောလောဆယ်ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့/ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) တို့နှင့် ဖြစ်နေသော စစ်ပွဲမှာ အသိသာဆုံးဟု ဆိုရမည်။ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်မှာ ကြာရှည်ခဲ့သော်လည်း စစ်အစိုးရနောက်ဆုံးကာလများတွင် သယံဇာတ ခွဲဝေရေးပြဿနာတက်သည်ဟု သတင်းကြားပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားပါတော့သည်။ ထိုသို့ ဗဟိုအစိုးရအပေါ် သယံဇာတနှင့်ပတ်သက်ပြီး ဘဝင်မကျသည်မှာ လက်နက်ကိုင်ကချင်အဖွဲ့များသာမက ကချင် တိုင်းရင်းသားအဖွဲ့အစည်းများကလည်း မကျေနပ်ကြောင်း ယခုအချိန်တွင် တွေ့ရှိလာရပါသည်။ ၂၀၁၇ ခု ဇွန်လ ၂၀ ရက်နေ့တွင် ပြည်တွင်းပြည်ပရှိ ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၁၇ ခု ဇွန်လ ၂၁ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဤကဲ့သို့ ရေးသားထားသည်ကို ဖတ်ရလေသည်။ “နှစ်ပေါင်းများစွာ တနိုင်းမြို့နယ်အတွင်းရှိ ရွှေ၊ ပယင်းမှော်များအတွင်းနေထိုင်လျက်ရှိသော ဒေသခံပြည်သူများ၊ ရွှေ့ ပြောင်း အလုပ်သမားများကို မြန်မာ့တပ်မတော်က ဇွန် ၁၅ ရက်နောက်ဆုံးထားထွက်ခွာရန် စာထုတ်ပြီးနောက်ပိုင်း ဟူးကောင်းဒေသတွင် စစ်ရေးပဋိပက္ခတရှိန်ထိုးမြင့်တက်လာကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသသည် ရွှေနှင့် ပယင်း၊ သတ္တုတူးဖော်နေသော ဒေသမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားများ ထောင်းသောင်းချီ၍ နှစ်ပေါင်းများစွာ နေထိုင်လာ သော ဒေသဖြစ်ကြောင်း”ထုတ်ပြန်ချက်တွင် ပါရှိသည်။ “အခုအချိန်မှာ နိုင်ငံတော်အစိုးရကနေပြီးမှ စစ်ပွဲဆင်ရခြင်းဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့ဆိုပြီးမှ မှန်ကန်တယ် ဆိုတဲ့ အပိုင်းကနေပြီးတော့ သွားနေကြတယ်ရှင့်၊ အဲဒါကြောင့် ကျမတို့အနေနဲ့ ဒီဖြေရှင်းနည်းက မှန်ကန်တဲ့ဖြေရှင်း နည်း မဟုတ်ဘူး ဆိုတာကို မီးမောင်းထိုးပြချင်တဲ့သဘောပါ။ ပြောရမယ်ဆိုရင် စာဖြန့်တဲ့အချိန်ကနေစပြီးသဘာဝ ပတ်ဝန်းကျင် ပျက်စီးတဲ့ အတွက်ကြောင့် တပ်မတော်ကနေ ဆောင်ရွက်ရပါတယ်ပေါ့၊ အဲဒါကို အန်တီတို့က မဟုတ်ပါ ဘူးဆိုတဲ့အကြောင်းပါ”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောဆိုသည်။ အတည်တကျရှိနေသည့် ဒေသ နမ်ဖြူ၊ နမ်ခမ်/နမ်ဂေါန်၊ အင်ဂါးဂါး၊ ခန်ဂျား၊ တုံမဏီ၊ ကောင်ရာ၊ ဒိန်ခွန် ၁-၂၊ မုန်ခေါမ် စသည့် ကျေးရွာ ၉ ရွာသည် စာသင်ကျောင်းများ ဘာသာရေး အဆောက်အအုံများ၊ ကျေးလက် ဆေးပေးခန်းများ အတည်တကျရှိနေသည့် ဒေသ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အိမ်ခြေတထောင်ကျော်ရှိတယ် “နောက်တခုကတော့ ဒီကျေးရွာတွေက သမိုင်းနဲ့ချီပြီးရှိတယ်ဆိုတဲ့သဘောပါ၊ ဒီကျေးရွာတွေက အရမ်းကြာပြီ၊ အခုဆို အိမ်ခြေတထောင်ကျော်ရှိတယ်၊ မြို့နယ်ခွဲတခုလောက်ရှိတဲ့ ရွာတွေပါ၊ အခုက ကျောက်တွင်း၊ ရွှေတွင်းတင်မကဘဲ မူလ ကတည်းက အတည်တကျရှိနေတဲ့ ရွာတွေကိုပါ ရွှေ့ခိုင်းလိုက်သလိုဖြစ်သွားတာပေါ့၊ ဒီလိုရွှေ့ခိုင်းလိုက်လို့ သဘာဝ ပတ်ဝန်းကျင်က ပိုကောင်းလာဖို့မရှိဘူးလေ”ဟု ဒေါ်ခွန်ဂျာက ပြောပြသည်။ ယခုကဲ့သို့မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုများသည် သတ္တုတူးဖော်ရေး ကုမ္ပဏီများ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဟန်ပြ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းအတွက် နေရာချပေးရန် မြေယာများကို သိမ်းဆည်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူများကို မည်သည့်အခါမှ နေထိုင်ခွင့် မရှိရန် ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ကမ္ဘာ့အကြီးဆုံး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တရားမဝင် သတ္တုတူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးခြင်းကို ကာကွယ်ရန် မြန်မာ့ တပ် မတော် အနေဖြင့် နယ်မြေရှင်းလင်းသည်ဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် အစိုးရ၏ တရားဝင် ကျောက် စိမ်းတူးဖော်လျက်ရှိနေသော ဖားကန့်ဒေသတွင်း ကမ္ဘာ့အကြီးဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်ပေါ်လျက် ရှိ သည် ဟု ကချင် အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့၏ အချက် ၈ ချက်တွင် ပါဝင်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ အဆိုပါ ထုတ်ပြန်ချက်အတွက် မြစ်ကြီးနားမြို့ရှိ ကချင်အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ကျော်က အရင်ဆုံး အဆိုပြု ခြင်းဖြစ်ကာ ပြည်တွင်းပြည်ပရှိ ကချင်အရပ်ဘက်အဖွဲ့အစည်းများက ဝန်းရံထောက်ခံကြခြင်းဖြစ်ကြောင်းသိရသည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ဆောက်ခြင်း၊ မြေယာနှင့် သဘာဝသယံဇာတကို ဗဟိုမှ ထိန်းချုပ်မှု မဟုတ်ဘဲ ဒေသခံလူထုက စီမံခန့်ခွဲခြင်းဖြင့်သာလျှင် ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန် ချက်၏ နောက်ဆုံး အချက်တွင် ဖော်ပြထားသည်။ ပူးပေါင်းထုတ်ပြန် ထုတ်ပြန်ချက်အား ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကချင်အမျိုးသား အတိုင် ပင်ခံ အဖွဲ့၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အပါအဝင်ပြည်တွင်းပြည်ပရှိ ကချင်အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ပူးပေါင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ် တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ စစ်ရေးတင်းမာလျက် ရှိသည်။ ထိုသတင်းကို ဖတ်ရသည့်အခါတွင် ဟူးကောင်းချိုင့်ဝှမ်းမှ ထွက်ရှိသော သယံဇာတအပေါ်ဒေသခံပြည်သူများနှင့် ဗဟို အစိုးရတို့ကြား နယ်မြေပြဿနာ၊ သယံဇာတထုတ်ယူရေးပြဿနာတို့ ဖြစ်ပေါ်နေကာ ကချင်အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ထိုဒေသရှိဒေသခံပြည်သူများကို ထိုနေရာမှ ဖယ်ရှားပစ်သည့်အပေါ် လက်မခံကြောင်း ကြေညာချက် ထုတ် ပြန် လိုက်ခြင်း ဖြစ်ပါသည်။ ထို့အတူ သြဂုတ်လ ၂၁ ရက်နေ့ကလည်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၊ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတို့ သီးသန့် တွေ့ဆုံခဲ့သေးသည်။ ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြည်သူ့ လွှတ် တော်ကော်မတီသို့ အဓိက အချက် ၆ ချက်တင်ပြကြောင်းဖော်ပြထားပါသည်။ ဒေါက်တာ M ကောန်လက“ကျနော်တို့လိုချင်တဲ့ Point တော့ အစွမ်းကုန် မရောက်သေးဘူးပေါ့၊ သူတို့နဲ့ အပြန်အလှန် ဆွေးနွေးပြီးတော့ သဘောတူညီချက် ထုတ်ပြန်ချင်တယ်၊ ဥပဒေသဘာတရားအရ ကော်မတီရဲ့ အလုပ်လုပ်ပုံအရ တော့ သဘောတူညီချက် ထုတ်ပေးလို့မရဘူး၊ သူတို့မှာ အခွင့်အာဏာမရှိဘူး၊ သူတို့က လုပ်ထုံးလုပ်နည်းအရဆိုရင် သူတို့က တိုက်ရိုက်နားထောင်တယ်၊ ဒါလောက်ပဲဆိုတော့ ကျနော်တို့ ဆန္ဒကတော့ အခုကတော့ လူထုသဘောထား စစ်တမ်းကောက်ပြီး ကော်မတီနဲ့ လာတွေ့တာလေ၊ တွေ့တယ်ဆိုတဲ့ အခါကျတော့ လူထုသဘောထားစစ်တမ်း အနေ နဲ့ လုပ်တဲ့အတွက် ဒါကချင် လူထုသဘောထား စစ်တမ်းအနေနဲ့ လုပ်တဲ့အတွက် ဒါကချင် လူထုရဲ့အသံပဲ” ဟု ပြော သည်။ ထို့အပြင် “ကျနော်တို့ကတော့ အဲဒီလို တိုက်ရိုက်ပြောလိုက်တယ်၊ ကချင်လူထုရဲ့ အသံက ရာခိုင်နှုန်း ၉၀ ပါတယ်၊ အဲဒါ သူတို့ကို တိတိကျကျပြောတယ်၊ လူထု အသံသူတို့နားထောင်စေချင်လို့ ကျနော်တို့ ပြောတယ်၊ သူတို့ကလည်း နားထောင်သင့်တယ်ပေါ့၊ ဒီအထဲမှာ ဖြစ်နိုင်တဲ့ ကိစ္စတွေ ကျနော်တို့ကတော့ ဖြစ်နိုင်ရင်တော့ ဒီကိစ္စတွေကို အတတ် နိုင် ဆုံး ညှိနှိုင်းပြီးတော့မှ ဥပဒေကိုရေးဆွဲတဲ့နေရာမှာ ထည့်သွင်းစေချင်တယ်။ ကျနော်တို့ကတော့ အဲဒီလို အကြံဉာဏ်ပေးလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့အခြေခံပြီးရေးဆွဲတယ်၊ နဝတ ရေးဆွဲတဲ့ဟာပဲ၊ အဲဒါကိုပဲ ပြန်လုပ်တာ၊ အဲဒီမှာသိပ်ပြီး မပြောင်းလဲဘူး၊ ထွေထွေထူးထူးပြောင်းလဲချက် သိပ်မပါဘူး၊ မပါတဲ့ အခါကျတော့ အခုပြည်သူ့ ဒီမိုကရေစီ အစိုးရဆိုရင် ဖက်ဒရယ်ကိုလည်း ရည်ရွယ်တယ်ဆိုရင် ငြိမ်းချမ်းရေး ကိစ္စ လည်း လုပ်နေတဲ့အတွက်ကြောင့်မို့ ဒီဟာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် လူထုအသံနားထောင် ဆောင်ရွက်နေတယ် ဆိုရင် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကချင်လူမျိုးဆိုရင် ၂၀၁၇ ကျောက်မျက်ရတနာ ဥပဒေဟာ ကျနော်တို့နဲ့ ပတ်သက် ချက်က ရာခိုင်နှုန်း ၈၀ လောက် ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ကချင်တွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းက ကျောက်စိမ်းပဲ။ ဒီတော့ ကျနော်တို့ရဲ့ စီးပွားရေးကို အဓိကကိုင်လှုပ်တဲ့ ကိစ္စဖြစ်တယ်၊ အဲဒါကြောင့်မို့ သိပ်အရေးကြီး တယ် လို့ ကျနော်တို့ တင်ပြထားတယ်၊ တင်ပြထားတဲ့အခါကျတော့ ဒီကိစ္စပေါ်မှာ မကျေလည်မှုတွေ သိပ်များနေမယ် ဆိုရင် ငြိမ်းချမ်းရေး ကလည်း သိပ်မဖြစ်နိုင်ဘူး။ ဒီလူတွေ အဲဒီလောက်ထိ ဂယက်ရိုက်နိုင်တယ်၊ အဲဒီပြဿနာတွေရှိ တယ်၊ သူတို့ကိုလည်း အဲဒါတွေ အသိပေးလိုက်တယ်”ဟု ပြောဆိုသွားသည်ကို သတင်းစာတွင် ဖတ်လိုက်ရပါသည်။ ထို့အပြင် ဒေါက်တာ Mကောန်လက လွှတ်တော်က ဥပဒေရေးဆွဲပြီးလျှင် ကချင်လူထုအတွက် အကျိုးပြုမှုနည်းပါးပါက ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ တောင်းဆိုချက်အားလုံးပေးရမည်ဟုမဆိုလိုကြောင်း၊ လူထုကို အကျိုးပြု သော၊ လူထုကောင်းစားရေးအတွက် ရေးဆွဲသောဥပဒေ ဖြစ်ရန် လိုကြောင်းလည်း ပြောကြားသွားပါသည်။ ထိုကဲ့သို့ တိုင်းရင်းသားများက ဘဝင်မကျ၊ မကျေနပ်ကြခြင်းမှာ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ထိထိ ရောက် ရောက် အကောင်အထည်မဖော်သလို ဗဟိုအစိုးရက ပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရာက အစ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မဲနေကြခြင်း ပြဿနာ၊ ပြည်မနှင့် ပြည်နယ်တန်းတူခွင့်မရှိသော ပြဿနာများကြောင့် ယခု အချိန်ထိ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်သောအစိုးရကသာလျှင် ပြည်နယ် လူထု၊ တိုင်းရင်းသား လူထု၏ အကျိုးစီးပွားကို အလေးအနက်ထားကာ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ရပေ လိမ့်မည်။ ။ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။ The post ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတ ပြဿနာ appeared first on ဧရာဝတီ.
Source : http://ift.tt/2xgmlSD
via IFTTT
No comments:
Post a Comment