ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ လျှော့ချနိုင်ဖွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများလျှော့ချနိုင်ရေး အမေရိကန် သမ္မတ ဘားရက်အိုဘားမားက တွန်းအားပေး ဆောင်ရွက်နေကြောင်း သိရသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများ က သမ္မတ အိုဘားမားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံအပေါ် လက်ရှိ ပိတ်ဆို့ထားမှု အချို့ကို လျှော့ချရန် (သို့မဟုတ်) အပြီးတိုင် ဖယ်ရှား ရန် ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ အဖွဲ့ကို လက်တွေ့ကျကျ ဦးဆောင်ခဲ့သည့် ကာလနောက်ပိုင်း ပထမဆုံး အမေရိကန် ခရီးစဉ်အဖြစ် ဝါရှင်တန်သို့ ယခုလအတွင်း သွားရောက်မည်ဖြစ်သည်။ အိုဘားမားသည် ယခု သီတင်းပတ်ကုန်တွင် တရုတ်နိုင်ငံ၌ G-20 ထိပ်သီး အစည်းအဝေး တက်ရောက်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် လာအိုနိုင်ငံ၌ အာဆီယံအစည်းအဝေး တက်ရောက်ရန် စီစဉ်ထားရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖွယ် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဝါရှင်တန်သို့ သွားရောက်ပြီး အိုဘားမားအပြင် ဒုတိယသမ္မတ ဂျိုးဘစ်ဒန်၊ လွှတ်တော် အမတ်များ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် အစိုးရ လက်ထက် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ရစဉ် မြန်မာနိုင်ငံကို အနောက်အုပ်စု၏ ပိတ်ပင်မှုများအပေါ် ထောက်ခံခဲ့သော်လည်း လက်ရှိအာဏာရအစိုးရကို ဦးဆောင်သူအနေဖြင့်မူ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကဏ္ဍတွင် ပိုမိုဘက်ညီမျှတသည့် ချဉ်းကပ်မှုမျိုးကို လိုလားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိုဘားမား၏ အာဏာသက် တမ်းအတွင်း မြန်မာနိုင်ငံနှင့် သံ တမန်ရေး ပိုမိုပေါင်းစည်း ဆက်ဆံ ရန် အားထုတ်ခဲ့ပြီး တပ်မတော် အစိုးရထံမှ အာဏာကို အရပ် သားအစိုးရထံ ငြိမ်းချမ်းစွာ လွှဲ ပြောင်းနိုင်ခဲ့ခြင်းသည် ၎င်း၏ မြန်မာဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ တွင် ကြီးမားသော အောင်မြင်မှု တစ်ရပ်အဖြစ်လည်း ရှုမြင်ခြင်း ခံခဲ့ရသည်။ အိုဘားမား၏ အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး အရာရှိ ဘန်ရုဒ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှတ်တော် အမတ် အချို့နှင့် တွေ့ဆုံရာ၌ သမ္မတသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို လျှော့ချရန် (သို့မဟုတ်) ဖယ်ရှားရန် အလေးအနက် စဉ်းစားနေသည်ဟု ပြော ဆိုသွားကြောင်း အမေရိကန်အစိုး ရအရာရှိအချို့က ဆိုသည်။ မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက် လာခြင်းကို တန်ပြန်တွန်းလှန်ရန် အမေရိကန် အစိုးရက မြန်မာ နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် လိုလားနေသလို ကမ္ဘာ့နောက် ဆုံးပေါ် စျေးကွက် မျက်နှာစာသစ်တစ်ခု အဖြစ် တင်စားခံရသည့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့် အလမ်းကောင်းများ ရှာဖွေရန်လည်း လိုလားနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားသည် ဖွံ့ဖြိုးမှု နည်းပါး သေးသော်လည်း လျင်လျင်မြန်မြန် ကြီးထွားလာနေသည့် စီးပွားရေး အင်အားစုတစ်ခုသဖွယ် ရှိနေသည်။ လက်ရှိ အမေရိကန်၏ ပိတ်ဆို့မှု အများစုက တပ်မတော်က ဦးစီးနေသည့် စီးပွားရေးလုပ်ငန်း များ၊ တပ်မတော်နှင့် နီးစပ်မှုရှိသည့် လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများကို ဦးတည်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံထွက် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တင်ပို့ခွင့်ကိုလည်း တားဆီးထားသည်။ @LH
Source : http://ift.tt/2bZ9ara
via IFTTT
No comments:
Post a Comment