“ဆရာမ ... ကျွန်မတော့ ပါသွားပြီ”ဟု ကူရာ ကယ်ရာမဲ့ စူးစူးဝါးဝါး အော်ဟစ်သံ အဆုံး ငမင်ချောင်းသည် ဆရာမလေး ဒေါ်လင်းစန္ဒာကို မပြန်လမ်းသို့ အပြီး ခေါ်ဆောင်သွားခဲ့ပြီ။ ထိုနေ့ (သြဂုတ်လ ၂၇ ရက်) မှ စ၍ ပိတ်ဆွယ်ခုံ ကျောင်းလေးရှိ ပထမတန်း ကျောင်းသူ ကျောင်းသားများထံသို့ သူတို့၏ ဆရာမ ဘယ်တော့မှ ပြန်ရောက် မလာနိုင်တော့ချေ။ ပိတ်ဆွယ်ခုံရွာ အသွားလမ်းသည် ယခင်ကထက် မိုးတိမ်မည်းတို့ ပိန်းပိတ်အောင် ညိုမှိုင်း နေခဲ့သည်။ ပေ ၅ဝ ခန့် အကျယ်ရှိ ငမင်ချောင်းသည် တောင်ပတ်လည် ဝိုင်းနေသည့်အလယ်တွင် “S” ပုံသဏ္ဌာန် ချောင်းကွေ့ ခုနစ်ကွေ့ဖြင့် ရစ်ခွေ စီးဆင်းလျက် ရှိသည်။ ထိုချောင်းသည် ပုံမှန် ဆိုလျှင် ခြေသလုံး မြုပ်ရုံသာ ရေရှိတတ်သည်။ ထိုနေ့ကတော့ ငမင်ချောင်းသည် တောင်ကျရေ အားကိုးဖြင့် လူတစ်ယောက်လုံးကို ဆွဲချ သွားနိုင်ခဲ့သည်။ ငါးကွေ့မြောက် ချောင်းကွေ့ကို ဖြတ်ကျော်အပြီး နောက်ချောင်း တစ်ကွေ့တွင်တော့ ဆရာမ ဒေါ်လင်းစန္ဒာ၏ ကျောင်းဆရာမ လုပ်သက် ရက် လေးဆယ်ကို အဆုံးသတ် ပေးလိုက်မည်ဟု ကျောင်းသွားဖော် ဆရာမ ဒေါ်မေဇင်ခိုင် တစ်ယောက် တကယ်ပင် ထင်မထားမိခဲ့။ “ကိုယ့်မျက်စိအောက်တင် ဖြစ်တာ။ မကယ်လိုက်နိုင်တဲ့အတွက် ခုထိ ဖြေလို့ မရဘူး။ ၁ဝ မိနစ်လောက် အတွင်းမှာ ရေစီးနဲ့ သူ မျောပါသွားတာကို ဒီတိုင်း ကြည့်နေရတယ်”ဟု ဆရာမ ဒေါ်မေဇင်ခိုင် တစ်ယောက် ရေစီးအတိုင်း မျောပါ သေဆုံးသွားသူ ဆရာမ ဒေါ်လင်းစန္ဒာ၏ အဖြစ်ဆိုးကို ပြန်ပြောင်းတွေးရင်း ယူကျုံး မရစွာ ငိုသံတို့ဖြင့် ဆိုလာသည်။ အလုံးအရင်းနှင့် ရုတ်တရက် ကျလာသော တောင်ကျရေတို့က ဆရာမ ဒေါ်မေဇင်ခိုင်နှင့် ဆရာမ ဒေါ်လင်းစန္ဒာ နှစ်ဦး လက်တွဲ ဖမ်းဆုပ်ချိန်ပင် မရလိုက်။ တစ်ဦးကို တစ်ဦး ထူမဖေးကူချိန်ပင် မရခဲ့။ နှစ်ယောက်လုံးကို ဒရောသောပါး တိုက်စား သယ်ဆောင် သွားခဲ့သည်။ ရေစီးအားကြောင့် ဆရာမနှစ်ဦး ချောင်းအကူးတွင် အတုံးအရုံး လဲပြို မျောပါသွားချိန်တွင် ဆရာမ ဒေါ်မေဇင်ခိုင်က အလန့်တကြား ရုန်းကန်၍ ပြန်ထနိုင်သည်။ ထိုသို့ ပြန်အထတွင် ဒေသခံ တစ်ဦး၏ ကယ်ဆယ်မှုကြောင့် သူမ အသက်ဘေးက လွတ်မြောက်ခဲ့သည်။ သို့သော် ဆရာမ ဒေါ်လင်းစန္ဒာ တစ်ယောက်ကတော့ ဆာနေသည့် ညာခြေတစ်ဖက်၏ အားနည်းချက်ကြောင့်လော၊ သို့တည်းမဟုတ် ငမင်ချောင်း၏ အငြိုးကြောင့်လော မသိ။ ဆရာမ တစ်ယောက် ငမင်ချောင်း ခေါ်ဆောင်ရာ မပြန်လမ်းဆီသို့ အပြီးတိုင် မျောပါသွားခဲ့ရပြီ။ “ကျောင်းသွားရမှာ တော်တော် ကြောက်သွားတယ်။ ဘယ်တော့ ကျလာမလဲ မသိတဲ့ တောင်ကျရေကို မခန့်မှန်းနိုင်ဘူး”ဟု ဆရာမ ဒေါ်မေဇင်ခိုင်က ရင်ဖွင့်လာသည်။ လုပ်ဖော်ကိုင်ဖက် ကျောင်းသွားဖော် ဆရာမ တစ်ဦးကို မျက်စိရှေ့ဝယ် မိနစ်ပိုင်းအတွင်း အပြီး ခေါ်ဆောင် သွားခဲ့သည့် ငမင်ချောင်းကို သူမ အယုံအကြည် မရှိတော့ပါ။ သုံးနှစ် သုံးမိုး နီးပါး ငမင်ချောင်းကို ဖြတ်၍ ပိတ်ဆွယ်ခုံ ကျောင်းလေး ရှိရာဆီသို့ ရဲရဲရင့်ရင့် ဝံ့ဝံ့ကြွားကြွား သွားလာခဲ့သည့်တိုင် ယခုတော့ မဝံ့တော့ချေ။ မရဲတော့ချေ။ ကြောက်၍ပင်နေပြီ။ ငမင်ချောင်းကို မြင်လေတိုင်း ယူကျုံး မရ၊ ကူကယ်ရာမဲ့သည့် စိတ်တို့က ဒေါ်မေဇင်ခိုင်ကို မင်းမူ ခြောက်လှန့်နေဆဲ။ ဆရာမ ဒေါ်မေဇင်ခိုင်နှင့် ဒေါ်လင်းစန္ဒာတို့ တာဝန်ကျရာ ပိတ်ဆွယ်ခုံ မူလတန်းကျောင်းသည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ငမင်အုပ်စုတွင် ရှိသည်။ ဆရာမ ဒေါ်မေဇင်ခိုင် နေထိုင်ရာ ကရင်စု ကျေးရွာမှ ထိုကျောင်းလေးဆီသို့ ရောက်ရန် တောင်တွင်းကြီးမြို့သို့ ခြောက်မိုင် လေးဖာလုံ ခရီးနှင်ပြီး ထိုမှတစ်ဆင့် ငမင်ကျေးရွာ အုပ်စုသို့ ဆိုင်ကယ်ဖြင့် ခြောက်မိုင်ခန့် ခရီး ဆက်ရသည်။ ထို့နောက် ပိတ်ဆွယ်ခုံ ကျောင်းလေးဆီသို့ ရောက်ရန် တစ်နာရီကျော်ကြာ ငမင်ချောင်းကို ခြေကျင်ဖြတ်၍ သွားရပြန်သည်။ ဆရာမ ဒေါ်လင်းစန္ဒာသည်လည်း ထိုနည်းတူ။ သူမ နေထိုင်ရာ အောင်းစုရွာမှ ပိတ်ဆွယ်ခုံ ကျောင်းဆီသို့ ဆိုင်ကယ် တစ်တန် ခြေကျင် တစ်သွယ်ဖြင့် ခရီးဆက်ရသူပင်။ ဤသည်က ပိတ်ဆွယ်ခုံ ကျောင်းလေးဆီက ဆရာ၊ ဆရာမတို့၏ နိစ္စဓူဝ ကြုံဆုံနေရသည့် ဖြစ်အင်။ ထိုသို့ ပိတ်ဆွယ်ခုံ ကျောင်းလေး တည်ရှိရာ မြေပြန့် ဒေသ၌ပင် ဤမျှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ အသက်ဘေးနှင့် ရင်ဆိုင်နေရလျှင် စစ်မက် ပျော်မွေ့ရာ တောင်တန်းမြေ၌ မည်သို့ ရှိမည်နည်း။ “ဖြစ်ရင် သေမှာပဲ။ ပုန်းစရာ နေရာ မရှိပါဘူး၊ ဒီလိုပဲ ပစ်ခတ် တိုက်ခိုက်သံကြားထဲ စာသင်ကျောင်း ရောက်အောင် သွားနေရတာပဲ”ဟု ဆရာမ ဒေါ်မေထက်နိုင်က ခပ်ဆတ်ဆတ် ဆိုလာသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းရှိ ခွန်ဆိုင်ဇုကျေးရွာ မူလတန်းကျောင်း ဆရာမလေး ဒေါ်မေထက်နိုင်အတွက်မူ မကြာခဏ ကြားနေရသော သေနတ်သံများနှင့်ပင် ရင်းနှီးစ ပြုနေပြီဖြစ်သည်။ ဆရာမလေး ဒေါ်မေထက်နိုင်ထက် စစ်သံ၊ သေနတ်သံ နောကျေနေသည်က ကချင်ဒေသခံများပင်။ စစ်ရိပ် စစ်ကဲကိုပင် သူတို့ ခတ်တတ်နေခဲ့ပြီ။ တိုက်ပွဲဖြစ်မည့် အရိပ်အယောင် မြင်လျှင် သူတို့ကျောင်းလေးဆီသို့ ရောက်လာတတ်ကြသည်။ “မိဘတွေက ကလေးတွေကို လာခေါ်သွားကြပြီဆို ကျွန်မလည်း ကျောင်းဝင်းထဲ ဆောက်ပေးထားတဲ့ အိမ်အောက်ကို ဝင်ပုန်းရတာပဲ”ဟု ဆရာမလေး ဒေါ်မေထက်နိုင်က မကြာခဏ ရင်ဆိုင် နေရသည့် တိုက်ပွဲ များ အခြေအနေကို ထိတ်လန့်စိတ်ပျက်စွာ ဆိုလာသည်။ ကချင်မြေသာမက ရှမ်းတို့မြေ၌လည်း ယမ်းငွေ့တို့ ဝေနေဆဲ။ ယမ်းငွေ့ကြားက ပညာပန်း မည်မျှ လန်းနိုင်ပါမည်နည်း။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စုတွင်းရှိ ပလောင်ကျေးရွာလေး တစ်ရွာတွင် တာဝန် ကျနေသည့် မူလတန်းပြ ဆရာမ ဒေါ်ဖြူဖြူ (အမည်လွဲ) အတွက် ကျောင်းသို့ ရောက်မလာနိုင်သည့် ကျောင်းသားလေးများကို လိုက်ခေါ်ရန်မှာ ထင်သလောက်တော့ မလွယ်လှ။ တာဝန်ကျရာ ၂ နှစ်တာ ကာလအတွင်း အကြိမ်ကြိမ် စစ်ဘေး ရှောင်နေရသည့် သူ၏ ကျောင်းသားလေးများအစား သူမကတော့ စစ်ကို စိတ်ပျက် မုန်းတီးနေမိသည်က အမှန်။ “တိုက်ပွဲ ဖြစ်နေတဲ့ အချိန်ကလေးတွေက မလာရဲသလို ကျွန်မ ကိုယ်တိုင်လည်း လိုက်မခေါ်ရဲဘူး။ အဲဒီလို အနေအထားမှာ ကျွန်မက ကလေးတွေကို ဘယ်လို ပညာ သင်ပေးနိုင်မလဲ။ ကျွန်မ ကိုယ်တိုင်လည်း ပြေးခဲ့ရဖူးတယ်လေ”ဟု ဒေါ်ဖြူဖြူ (အမည် လွဲ) က ယမ်းငွေ့ကြားတွင် ပညာပေးရသည့် အခြေအနေကို စိတ်ပျက်စွာ ဆိုလာသည်။ ထိုဒေသတွင် ပညာရေးသာမကပါ ကျန်းမာရေးဘက်တွင်လည်း ထိုနည်းလည်းကောင်းပင်။ ဆေးဆိုင်ဆိုသည် မရှိ။ ဆရာဝန် ဆိုသည်မှာ နတ္ထိ။ ရှားရှားပါးပါး ရှိသည့် ကျန်းမာရေးမှူးဆီသို့ ရောက်အောင် တစ်တော ဖြတ် တစ်တောင် တက်ဖြင့် ခရီးဆက်ကာ သွားရသည်ပင်။ ကျန်းမာရေး မဆိုထားနှင့် ယုတ်စွအဆုံး အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်းများကိုပင် မြို့ပေါ်သွားသည့် လူကြုံရှိမှ မှာရသည့် အခြေအနေ။ “ဒီဒေသတွေမှာ ဆေးဆိုင်ဆိုတာ မရှိဘူး။ ဆရာဝန်ဆို ဝေးပေါ့။ ကျန်းမာရေးမှူးဆီ ရောက်ဖို့တောင် မနည်း သွားရတာ။ ငှက်ဖျားတွေ ဘာတွေလည်း ဖြစ်တတ်တယ်။ ဒီဘက်အခြမ်းက မြို့ပေါ်လူကြုံရှိရင် မှာရ တယ်။ အမျိုးသမီးသုံး ပစ္စည်းကအစ ရဖို့ သိပ်ခက်ခဲပါတယ်'' ဟု ဆရာမ ဒေါ်ဖြူဖြူက ရင်ဖွင့်ဆိုသည်။ ဤသို့ဤနှယ် စစ်ဘေးစစ်ရန်ကြား သေရေး ရှင်ရေးကြား ပြေးလွှားရင်း သင်ကြားရင်းဖြင့် ဒေသခံနှင့် တစ်နယ်သား ဆရာ၊ ဆရာမများကြား သွေးရင်း သားရင်းများ ကဲ့သို့ အသွင်။ တစ်ဦး စေတနာ တစ်ဦး မေတ္တာဖြင့် ဖေးမ ကူညီရင်းဖြင့် အိမ်ရှင်နှင့် ဧည့်သည်ကြား ဧည့်ဝတ် ကျေကြသည်များလည်း ရှိပြန်သည်။ “တချို့ဆို သူတို့ဆီကနေ ဆရာမတွေ ထွက်သွားမှာ စိုးလို့ သူတို့မှာရှိတဲ့ ဆန်လေး ဆီလေးကအစ ငါးပိ၊ ငရုတ်အထိ ပေးကြတယ်။ တစ်ခါတလေ ထင်းစည်းတွေတောင် လာပို့တတ်ကြတယ်”ဟု ဆရာမကြီး ဒေါ်သန်းသန်းအေးက ပီတိယှက်၍ ဆိုလာသည်။ မကြာမီ လုပ်သက်ပြည့် ပင်စင်ပင် ယူတော့မည့် ဆရာမကြီး ဒေါ်သန်းသန်းအေးသည် ကယားပြည်နယ် အပါအဝင် ဝေးလံ ခေါင်းသီ ဒေသ အချို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောင်မင်္ဂလာ မူလတန်း ကျောင်းအုပ်ကြီးအဖြစ် ထမ်းဆောင်လျက် ရှိသူဖြစ်သည်။ ယခုတော့ ဆရာမကြီး ဒေါ်သန်းသန်းအေးတို့လို နယ်စပ် ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများကို အစိုးရက လက်ကမ်း ကြိုနေပြီ ဖြစ်သည်။ ဝေးလံခေါင်သီ နယ်စပ် ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်မည့် ပညာရေး ဝန်ထမ်းများကို ပုံမှန် ခံစားခွင့် လစာထက် နှစ်ဆတိုး ပေးကာ ဆွဲဆောင်လျက် ရှိသည်။ သို့သော် ဤသည်က အဖြေမှန်တော့ မဟုတ်တန်။ လစာတိုး၍ ခံစားခွင့်ပြုရုံဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၍ ဝေးလံ ခေါင်သီသော ဒေသများရှိ နိုင်ငံ့ဝန်ထမ်းများ၏ အခက်အခဲများက ပြေလည် သွားသည်တော့ မဟုတ်။ ဝေးလံ ခေါင်သီဒေသများ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် တာဝန် ထမ်းဆောင်လျက် ရှိသော ဆရာ၊ ဆရာမပေါင်းက ၃၆ဝ,၇ဝ၆ ဦးခန့် ရှိသည်။ သို့သော်လည်း လိုအပ်ချက်က သောင်းနှင့်ချီ၍ ရှိနေဆဲ။ ထို့ကြောင့်ပင် နေ့စား လပေး ပညာရေး ဝန်ထမ်းများကို ခေါ်ယူခဲ့ခြင်းပင်။ ထိုအထဲတွင် ဆရာမလေး ဒေါ်လင်းစန္ဒာ တစ်ယောက်လည်း အပါအဝင်။ တစ်နေ့ ကျပ် ၃၅ဝဝ စားဖြင့် ဆရာမ လုပ်သက် တစ်လကျော်သည့် သူမ တစ်ဘဝတာ ဆန္ဒတစ်ခု၏ မှတ်တမ်းသဖွယ်။ သို့တည်းမဟုတ် အိပ်မက်အသွင်။ ကျောင်းအသွားလမ်းသည် သေမင်းနိုင်ငံသို့ ဦးတည်လမ်းမှန်း ဆရာမလေး ဒေါ်လင်းစန္ဒာ ကြိုသိနိုင်ခဲ့လျှင်- ခေါင်းလောင်း ထိုး မြေဖြူကိုင် ပိတီကိုစား အားရှိသည့် ထိုအလုပ် သူ လျှောက်ခဲ့ပါမည်လော။ လုပ်ချင်ခဲ့ပါမည်လော။ အခြား မြေဖြူကိုင် လက်များသည်လည်း မည်သို့ ရှိမည်နည်း။ ဆရာမလေး ဒေါ်လင်းစန္ဒာ၏ အစ်မ ဒေါ်အေးမာကတော့ ဝမ်းနည်း ယူကျုံးမရ စိတ်တို့ဖြင့် ထိုအလုပ်ကို ခပ်သွက်သွက်ကြီးပင် ငြင်းပယ် လိုက်သည်ပင်။ “ဒီကျောင်းကို သွားဖို့အတွက် ကိုယ်တိုင် လိုက်ပို့ခဲ့တာ။ သေမယ့်လမ်းကို လိုက်ပို့သလို ဖြစ်နေခဲ့တာ။ ဒီလိုအဖြစ် ဆိုးမျိုးနဲ့သာ ကြုံမယ်မှန်း ကြိုသိခဲ့ရင် ကလေး လုပ်ချင်တဲ့ ကျောင်းဆရာမ အလုပ်ကို ခွင့်မပြုခဲ့ပါဘူး။” သို့သော် အချို့ချို့သော မြေဖြူတောင့် ကိုင် မီးအိမ်ရှင်တို့သည်ကား နေရေးနှင့် သေရေးကြား သောကပွားရင်း ခေါင်းလောင်းကိုသာ တွင်တွင်ထိုးလျက်။ ခိုင်ခိုင်
Source : https://goo.gl/Ek7120
via IFTTT
No comments:
Post a Comment