မော်တော်ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာဖြင့် စတင်စစ်ဆေး အရေးယူ ရန်ကုန်၊ စက်တင်ဘာ ၁ ရန်ကုန်မြို့တော်တွင်း မော်တော်ယာဉ် မောင်းသူများကို အရက်မူးတိုင်း ကိရိယာ (Alcohol Tester) ဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်စစ်ဆေး အရေး ယူနေပြီဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။ နေပြည်တော် စီမံချက်အရ ယာဉ် မတော်တဆမှုများ လျော့နည်း စေရန်အတွက် ရန်ကုန်မြို့တော်၏ ၃၁ နေရာတွင် ယာဉ် မောင်းသူများ၏ အရက်သောက်သုံးမှု ပမာဏကို တိုင်းတာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ဒုရဲမှူးကြီး ဦးအောင်ကိုဦးက ပြောကြားသည်။ “စစ်ပြီးတော့ ဖမ်းမယ်။ အမျိုးသမီး တပ်ဖွဲ့ဝင်တွေလည်း ပါတယ်။ စစ်ဆေးတွေ့ ရှိရင် ချလံဖြတ်မယ်။ အရေးယူမယ်။ ယာဉ်မောင်း တာဝန်ခံတို့၊ မိဘ ဆွေမျိုးတွေကို အကြောင်း ကြားပေးမယ်။ အမှန်အတိုင်းဆိုရင် ထောင်ဒဏ်ကိုပါ ချလို့ရတယ်”ဟု ၎င်းကဆိုသည်။ ခရီးသည်တင် ဘတ်စ်ကား ယာဉ်မောင်းများ၊ အငှား ယာဉ်မောင်းများနှင့် ကိုယ်ပိုင် ယာဉ်မောင်းသူများ၏ သွေးတွင်းရှိ အရက် ပမာဏကို စစ်ဆေးမည်ဖြစ်ပြီး ရာခိုင်နှုန်း ဝ ဒသမ ဝ၇ ထက် ကျော်လွန်ပါက အရက် မူးနေကြောင်း သတ်မှတ်ကာ တရား စွဲဆိုသွားမည် ဖြစ်ကြောင်း ဦးအောင်ကိုဦးက ထပ်မံ ရှင်းပြသည်။ “ကြပ်ကြပ်မတ်မတ် စစ်ရင်တော့ မိကြမှာပဲ။ ဥပမာ - သောကြာ၊ စနေညလိုမျိုးမှာ ဘား၊ ကလပ်တွေနား စောင့်ပြီး စစ်ရင် မိကြမှာပဲ။ ကိုယ်တိုင်လည်း ဆင်ခြင်ရမှာပဲ”ဟု စမ်းချောင်းမြို့နယ်တွင်နေထိုင် သည့် ကိုယ်ပိုင်ယာဉ် မောင်းနှင်သူ ကိုဝေယံလွင်က ဆိုသည်။ အရက်မူး၍ ယာဉ်မောင်းသည်ကို တွေ့ရှိ အရေး ယူခံရပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ် သုံးသိန်းထိ ချမှတ် ခံနိုင်ရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရ သည်။
Source : http://goo.gl/dMfXjy
via IFTTT
No comments:
Post a Comment