Saturday, September 3, 2016


မြန်မာတွင် လူတစ်သိန်း ခြောက်သောင်းကျော်သာ အလုပ် လက်မဲ့ဟုဆို ရန်ကုန်၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံတွင် လူတစ်သိန်းခြောက် သောင်းကျော် အလုပ် လက်မဲ့ ဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။ အဆိုပါ ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ သြဂုတ်လ၂၈ ရက်နေ့က ထုတ်ပြန်သည့် “လုပ်သား အင်အား၊ ကလေး လုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်း အစီရင်ခံစာ - ၂ဝ၁၅” တွင် ဖော်ပြထားချက်ကို ၎င်းက ကိုးကား၍ ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်သမား အင်အားမှာ ၂၂ သန်းခန့် (၂၁,၉၅၉,၇၉၇) ရှိပြီး ယင်းအနက် အလုပ်ရှိသူ ၂၁ သန်း ကျော် (၂၁,၇၉၁,၃၃၅) ရှိကာ အလုပ် လက်မဲ့မှာ ၁၆၈,၄၆၂ (ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၈) ဦးသာ ရှိကြောင်း ဦးမျိုးအောင်က ပြောကြားသည်။ ILO ၏ စံနှုန်းအရ တစ်ပတ်လျှင် တစ်နာရီ အလုပ် လုပ်သူများကိုပါ အလုပ်ရှိသူအဖြစ် ထည့်သွင်း တွက်ချက်သဖြင့် အလုပ် လက်မဲ့နှုန်းမှာ နည်းနေခြင်း ဖြစ်ကြောင်း၊ စစ်တမ်းများကို ခြောက်လ တစ်ကြိမ် ကောက်ယူရန် စီစဉ်ထားပြီး ယင်းသို့ ကောက်ရာတွင်လည်း အဆိုပါ စံနှုန်းဖြင့်သာ ကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား ၁ ဒသမ ၁ သန်းကျော် ရှိသည့်အနက် ခြောက်သိန်း တစ်သောင်းကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ် လုပ်ကိုင်နေရကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ အသက် ငါးနှစ်မှ ၁၇ နှစ်အထိ ကလေး ဦးရေ ၁၂ သန်းကျော်ရှိပြီး ယင်းအနက် ကလေး လုပ်သား ၁,၁၂၅,၆၆၁ ဦးရှိပြီး အန္တရာယ် ရှိသည့် လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ကလေး လုပ်သားမှာ ၆၁၆ယ၈၁၅ ဦးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ကလေးငယ်များသည် တစ်ပတ်လျှင် ၅၂ နာရီခန့် အလုပ် လုပ်ကိုင်နေကြပြီး တစ်ပတ်လျှင် အလုပ် လုပ်ရက် ခြောက်ရက်ဖြင့် တွက်လျှင် တစ်ရက်လျှင် ရှစ် နာရီမှ ၁ဝ နာရီအထိ အလုပ် လုပ်ကိုင်နေရကာ မိန်းကလေးများက ယောက်ျားလေးများထက် အလုပ်ချိန် အနည်းငယ် ပိုကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကလေးလုပ်သား အများစု လုပ်ကိုင်နေသည့် အန္တရာယ် ရှိသော အဓိက လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ဖြစ်ပြီး ယင်းလုပ်ငန်းများသည် ကလေး အများစုကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ် ရှိသည့် စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒ ပစ္စည်းများကို ထိတွေ့စေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ရန် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလကြာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ကောက်ယူခဲ့ပြီး သန်းခေါင် စာရင်းတွင် သတ်မှတ်ခဲ့သည့် ကောက်ကွက် ရှစ်သောင်း ကျော်အနက် ကောက်ကွက် ၁,၄၆၈ ကွက်နှင့် အိမ်ထောင်စု ၁၃,၄၂၅ တို့အပေါ် အခြေခံကာ စာရင်း ကောက်ယူ ထုတ်ပြန်ခြင်း ဖြစ်သည်။
Source : http://goo.gl/TbWYh9
via IFTTT

No comments:

Post a Comment