တရားမ၀င် အလုပ်သမားများကို ယခုနှစ်ကုန်အထိ အထူးစီမံချက်ဖြင့် ဖမ်းဆီးမည်ဟု ထိုင်းအာဏာပိုင်များက သတိပေးခဲ့ပြီး မြန်မာလုပ်သား အများစု ဖမ်းဆီးခံရမည့် အခြေအနေတွင် ရှိနေ မြန်မာရွှေ့ပြောင်းလုပ်သား အများစု နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် တရားမ၀င်နေထိုင် အလုပ်လုပ်နေသည့် လုပ်သားများကို ယခုလမှစပြီး နှစ်ကုန်အထိ စီမံချက်ဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတစ်၀န်းတွင် နေထိုင်အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားများကို ထိုင်းလူ၀င်မှု ကြီးကြပ်ရေးနှင့် အလုပ်သမား ဦးစီးဌာနတို့ ပူးပေါင်းပြီး ယခုလမှ စတင်ပြီး ဒီဇင်ဘာလကုန်အထိ စီမံချက်ဖြင့် ရှောင်တခင် ၀င်ရောက်စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ကာ မြန်မာလုပ်သား အများစုမှာ ဖမ်းဆီးခံရမည့် အခြေအနေတွင် ရှိနေသည်ဟု ထိုင်းအခြေစိုက် မြန်မာလုပ်သား အခွင့်အရေး ကူညီဆောင်ရွက်ပေးနေသည့် AAC အဖွဲ့ အထွေထွေတာ၀န်ခံ ကိုရဲမင်းထံမှ သိရသည်။ “ဟိုတစ်နေ့က ကျွန်တော်တို့ အလုပ်သမားနဲ့ ပတ်သက်တဲ့ အစည်းအ၀ေးတက်တော့ အလုပ်သမား တာ၀န်ရှိသူ တစ်ယောက်က ပြောလာတယ်။ မင်းတို့ အလုပ်သမားတွေကို သတိပေးလိုက်ပါပေါ့။ နောက်ပြီး အလုပ်သမား၀န်ကြီး ကိုယ်တိုင်က သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောထားတာရှိတယ်။ စက်တင်ဘာကစပြီး ဒီဇင်ဘာလကုန်အထိ အထူးပုံစံမျိုးနဲ့ ပြန်ဖမ်းဆီးမယ်ဆိုပြီး။ ဟိုတစ်ခါက ဖမ်းသလို ပြန်ဖမ်းမယ့်သဘော ရှိပါတယ်” ဟု စက်တင်ဘာ ၂၀ ရက်က ပြောကြားသည်။ ထိုသို့ စီမံချက်ဖြင့် ဖမ်းဆီးပါက ထိုင်းတွင် အလုပ်လုပ်နေကြသည့် မြန်မာလုပ်သား အများစုမှာ ဖမ်းဆီးခံရနိုင်ဖွယ် ရှိနေပြီး ဖမ်းဆီးရာတွင် နေထိုင်ခွင့် အထောက်အထား လုံး၀မရှိသူများ၊ နေထိုင်အလုပ် လုပ်ခွင့်ရှိသော်လည်း အလုပ်ရှင် နာမည်မတူသည့်သူများနှင့် ထိုင်းနိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့်ပေးထားသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကိုရဲမင်းက ပြောကြားသည်။ ၎င်းက “ဖမ်းမယ့် အမျိုးအစားတွေက နေထိုင်ခွင့် အထောက်အထား လုံး၀မရှိတဲ့သူတွေ။ ပြီးတော့ ပတ်စ်ပို့ရှိတယ်။ ပန်းရောင်ကတ် နေထိုင်ခွင့်ရှိပေမယ့်လည်း အလုပ်ရှင် သူဌေးနာမည် မတူတဲ့သူတွေရယ်၊ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်ကို လုလုပ်တယ်လို့ သူတို့ ယူဆထားတဲ့ ဈေးရောင်းတာတွေ၊ ကိုယ်ပိုင်ဆိုင်ဖွင့်တာတွေ၊ အငှားကားမောင်းတာတွေ အဲဒါတွေ အကုန်ဖမ်းမယ် ပြောတယ်။ မြန်မာလုပ်သားတွေ အနေနဲ့ တကယ် သေသေချာချာ ဖမ်းဆီးမယ်ဆိုရင် တော်တော်များများ အဖမ်းခံရနိုင်ပါတယ်” ဟု ပြောကြားသည်။ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ထိုင်းအလုပ်ရှင်များက ခေါင်းပုံဖြတ်မှုများ အပါအ၀င် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများမှာ အများအပြား ရှိနေပြီး အလုပ်ရှင် အများစုမှာ အလုပ်သမားများ၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားကြသည်။ တရားမ၀င် နေထိုင်အလုပ် လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းဥပဒေအရ ထောင်ဒဏ်တစ်လခွဲနှင့် ဒဏ်ငွေချမှတ်ပြီး သက်ဆိုင်ရာ နိုင်ငံနယ်စပ်သို့ ပြန်ပို့ခံရမည်ဖြစ်ကာ အလုပ်လုပ်ခွင့် ပါမစ်တွင် အလုပ်ရှင် နာမည်မတူပါကလည်း ထောင်ဒဏ်တစ်လခွဲ ချမှတ်နိုင်ကြောင်းသိရပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား သန်းနှင့်ချီရှိသည်။ ■ ဥာဏ်၀င်းရှိန်
Source : http://ift.tt/2da54C5
via IFTTT
No comments:
Post a Comment