Saturday, September 3, 2016


UNESCO နှင့် ပြည်ပ ပညာရှင်များ၏ ငလျင်ဒဏ်သင့် ပုဂံဘုရားများ စစ်ဆေးမှု စက်တင်ဘာလ ၅ ရက်နေ့ စတင်မည် ငလျင်ဒဏ်သင့် ပုဂံဘုရားများနှင့် ရှေးဟောင်း အဆောက်အအုံများ စာရင်း ကောက်ယူမှုကို မကြာမီ ရပ်ဆိုင်းတော့မည် ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ကာ UNESCO အဖွဲ့နှင့်အတူ ပြည်ပ ပညာရှင်များ၏ စစ်ဆေး လေ့လာမှုများ စတင်တော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။ ပြည်ပမှ လာရောက်မည့် ပညာရှင်များတွင် ရှေးဟောင်း သုတေသန ပညာရှင်၊ အဆောက်အအုံ ထိန်းသိန်းရေး ပညာရှင်၊ ကျိုးပဲ့ ပစ္စည်းနှင့် ပျက်စီး ပစ္စည်းများ စနစ်တကျ ထိန်းသိမ်း မှတ်တမ်းတင်သည့် ပညာရှင်များ ပါဝင်မည်ဖြစ်ပြီး လေ့လာမှုကို အသေးစိတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း UNESCO ထံမှ သိရသည်။ “ဘယ်နှစ်ဦး လာမယ်ဆိုတာ စာရင်း မရသေးဘူး။ ၅ ရက်နေ့မှာတော့ ပညာရှင်တွေ စလေ့လာမယ်။ အခု ပုဂံမှာတော့ UNESCO က ပညာရှင်တစ်ဦး ရုံးထိုင်နေပြီ”ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။ လတ်တလောတွင် ငလျင်ဒဏ်သင့် ဘုရားများနှင့် အဆောက်အအုံ စာရင်း ကောက်ယူမှုကို အဖွဲ့ ငါးဖွဲ့ခွဲ၍ ဆောင်ရွက်နေပြီး မကြာမီ ရက်ပိုင်းအတွင်း အဆိုပါ စာရင်း ကောက်ယူမှုကို အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ပုဂံဌာနခွဲထံမှ သိရသည်။ “စာရင်းကောက်တာ တစ်ဝက် ကျော်ပြီးပြီ။ မကြာခင် နိုင်ငံခြားက ပညာရှင်တွေ လာရောက် ကြည့်ရှုပါမယ်။ ရထားတဲ့ စာရင်းက ၃၉၇ ဆိုပေမယ့် ထပ်တိုးလာဖို့ ရှိသေးတယ်။ ပညာရှင်တွေ စစ်ပြီးမှ ကမ္ဘာ့ အမွေအနှစ် တင်သွင်းဖို့ ဘယ်လောက် ထိခိုက်မှု ဖြစ်သွားတယ်၊ မဖြစ်ဘူး ဆိုတာကို သိရမယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ အဆိုပါ ပုဂံဒေသရှိ လူသူမနီးသည့် နေရာများမှ ပျက်စီး ဆုံးရှုံးသည့် စာရင်းများကို ကြိုးစား ကောက်ယူနေပြီး စာရင်းကောက်ယူဆဲ ကာလတွင် အရေးပေါ် ထိန်းသိမ်းရန် လိုအပ်သည့် ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊ စူဠာမဏိ၊ အာနန္ဒာ၊ လောက နန္ဒာ၊ ဂူပြောက်ကြီး၊ ပြသာဒ်ကြီး စသည့် အထင်ကရဘုရား အပါအဝင် ၃၆ ဆူကို သြဂုတ်လ၂၈ ရက်နေ့မှ စတင်ကာ ရေစိုခံ မိုးကာအုပ်ဆိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲထံမှ သိရသည်။
Source : http://goo.gl/XBPcfR
via IFTTT

No comments:

Post a Comment