ဇီကာဗိုင်းရပ်စ် ကိုင်တွယ်ရာတွင် စင်ကာပူသည် စံနမူနာဟု WHO ချီးကျူး သောကြာနေ့က WHO ၏ ဇီကာ ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ် ကော်မတီ အစည်းအဝေး အပြီးတွင် ကူးစက်ရောဂါနှင့် အရေးပေါ်ဌာန အကြီးအကဲ ပီတာဆာလာမာက စင်ကာပူသည် ဇီကာ ကူးစက်မှုကို နည်းလမ်းတကျ တုံ့ပြန်နေသည်ဟု ချီးကျူး ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ စင်ကာပူအစိုးရ၏ ကိုင်တွယ်ပုံသည် စံပြနမူနာ ဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက် ပေးခဲ့သည်။ စင်ကာပူတွင် ပထမဆုံး ဇီကာလူနာကို အတည်ပြုပြီး နောက်ပိုင်း ဓာတ်ခွဲ စစ်ဆေးမှု လုပ်ငန်း၊ လူထု ကျန်းမာရေး လုပ်ငန်း၊ စင်ကာပူတွင် ယခင်က ဖြစ်ပွားခဲ့ဖူးခြင်း ရှိ၊ မရှိ အသေးစိတ် ပြန်လည် စစ်ဆေးခြင်း အပါအဝင် ဗိုင်းရပ်စ် သယ်ဆောင်သော အင်းဆက် (ခြင်) ထိန်းချုပ်ရေး အစီအစဉ် မြောက်မြားစွာကို လုပ်ဆောင်ခဲ့သည်။ “ဇီကာ ကူးစက်မှု ဖြစ်ရပ်မှာ စင်ကာပူ အစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ ပွင့်လင်း မြင်သာမှုနဲ့ မြန်ဆန်တဲ့ အစီရင်ခံမှုတွေကို အသိအမှတ် ပြုပါတယ်။ အလားတူ အခြား နိုင်ငံတွေလည်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပီတာက ပြောကြားသည်။ သောကြာနေ့အထိ စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူ ၁၈၉ ဦး ရှိနေပြီဟု အတည်ပြု ထားသည်။ စင်ကာပူ အနေနှင့် ယခု ဖြစ်ပွားနေသော ဗိုင်းရပ်စ်အား မျိုးစိတ် စိစစ်မှုကို နောက်တစ်ပတ်တွင် အပြီးသတ် နိုင်မည်ဟု မျှော်လင့်ရကြောင်း WHO ကော်မတီများ ဥက္ကဋ္ဌ ဒေးဗစ်ဟေးမန်းက ပြောကြားသည်။ စင်ကာပူသည် ကြေညာချက် မထုတ်ပြန်မီ ၎င်းတို့နိုင်ငံတွင် ကူးစက်နေသော ဗိုင်းရပ်မျိုးစိတ်ကို စိစစ်နေခြင်း ဖြစ်ပြီး အခြားတွင် တွေ့ရှိပြီးသား မျိုးစိတ်များနှင့် နှိုင်းယှဉ် စစ်ဆေးမှု ပြုလုပ်မည်ဟု ဆိုသည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပခဲ့သော အိုလံပစ် အားကစား ပြိုင်ပွဲများကြောင့် ဇီကာဗိုင်းရပ်စ် သိသိသာသာ ကူးစက် ပျံ့နှံ့ခဲ့သည့် အထောက်အထား မရှိခဲ့ခြင်းသည် ယခုလ မသန်စွမ်း အားကစား ပြိုင်ပွဲတွင်လည်း ကူးစက်နိုင်ခြေ လျော့နည်းမည့် အလားအလာ ကောင်း ဖြစ်သည်ဟုလည်း WHO က ပြောကြားခဲ့သည်။
Source : http://goo.gl/wnQW0c
via IFTTT
No comments:
Post a Comment