နိုင်ငံတကာကျောင်းများအတွက် ဥပဒေလိုအပ်နေခြင်း မီးမောင်းထိုးပြသော Horizon ကျောင်းအရေး ပြီးခဲ့သည့်နှစ် ဇူလိုင်က ရန်ကုန်မြို့ရှိ တူရကီနိုင်ငံသားပိုင် Horizon International School ကို ပညာရေး၀န်ကြီးဌာနနှင့် ပြည်ထဲရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့သည်။ တူရကီနိုင်ငံတွင် မအောင်မြင်သော အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် အာဏာသိမ်းရန် ကြံစည်သည်ဟု စွပ်စွဲခံရသောအဖွဲ့နှင့် ဆက်စပ်နေသည််ဟု သံသယရှိခဲ့ သောကြောင့်ဖြစ်၏။ တူရကီနိုင်ငံသံရုံး၏ ဖိအားပေးမှုအရ မြန်မာအာဏာပိုင်များက အဆိုပါကျောင်းကို ၀င်ရောက်စစ်ဆေးခဲ့သော်လည်း လုပ်ငန်းသဘောအရ ဆောင်ရွက်ရန် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ ပြည်တွင်း၌ ဈေးကွက်ကျယ် ပြန့်လာသော အင်တာနေရှင်နယ် ကျောင်းများသည် မည်သည့်စည်းမျဉ်း၊ ဥပဒေများနှင့် ဆောင်ရွက်နေသနည်း၊ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါက မည်သို့ ကိုင်တွယ်စီမံဆောင်ရွက်မည်နည်း ဆိုသည့် မေးခွန်းနှစ်ရပ်ဖြစ်သည်။ Horizon ကျောင်းကို ၀င်ရောက်စစ်ဆေးပြီး တစ်နှစ်ခန့်အကြာ ယခုနှစ် ဧပြီ ၂၈ ရက်တွင် ပညာရေး၀န်ကြီးဌာနက အဆိုပါကျောင်းကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။ ယခင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲချက် မဟုတ်တော့ဘဲ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် မရှိဘဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည် ဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်ကျော်မှ ကိုယ်ပိုင် ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်မှုသည် တူရကီသံရုံး၏ ထပ်မံဖိအားပေးမှုအရ ဖြစ်နိုင်သည်ဟု Horizon ကျောင်းမှ တာ၀န်ရှိသူများက ထင်မြင်နေကြသည်။ ထို့အပြင် Horizon ကျောင်းသည် နိုင်ငံတကာကျောင်း ဖြစ်နေ၍ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့် လုံး၀သက်ဆိုင်ခြင်း မရှိကြောင်း ကျောင်းတာ၀န်ရှိသူများက ငြင်းဆိုထားသည်။ ပညာရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Horizon ကျောင်းသည် ပညာရေး၀န်ကြီးဌာနလက်အောက်မှ မဟုတ်သည့် International School ဖြစ်နေသောကြောင့် တရားစွဲဆိုရန် အချိန်ယူခဲ့ခြင်းဖြစ်ကာ နောက်ဆုံး မှတ်ပုံတင်မထားသဖြင့် ကိုယ်ပိုင် ကျောင်းဥပဒေဖြင့်သာ ကျိန်းသေ တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။ Horizon International School သည် မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်၌ ကျောင်းစတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ အထိ ကျောင်း ခွဲပေါင်း ခြောက်ကျောင်း ဖွင့်လှစ်ထားသည်။ ၂၀၁၇ မေလ ၈ ရက် တွင် ကျောင်း၏ ထုတ်ပြန်ချက်အ ရ ကျောင်းသား ၁,၄၀၀ ကျော်ရှိပြီး ၀န်ထမ်းပေါင်း ၄၀၀ ကျော်ရှိသည် ဟုဆိုသည်။ ‘‘International School တွေ စလုပ်ကတည်းက ပညာရေး၀န်ကြီးဌာနနဲ့ မဆိုင်ပါဘူး။ ကုမ္ပဏီမှတ်ပုံတင်ပြီး လုပ်နေကြတာပါ’’ဟု ပညာရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ဆိုသည်။ အင်တာနေရှင်နယ်ကျောင်းများ ကုမ္ပဏီမှတ်ပုံတင်၍ လုပ်ကိုင်နေကြသောကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်နေသည်လား ဆိုသည့် မေးခွန်းကို ယင်းဌာန ညွှန် ကြားရေးမှူး ဒေါ်နီလာမူက ငြင်းချက်ထုတ်ထားသည်။ ‘‘ကုမ္ပဏီမှတ်ပုံတင်ပေးတာတော့ မှတ်ပုံတင်ပေးတယ်။ ကုမ္ပဏီဖွဲ့ပြီးလို့ လုပ်ငန်းလုပ်ချင်ရင် သက်ဆိုင်ရာ၀န်ကြီးဌာနခွင့် ပြုချက်ယူရပါတယ်။ ကျွန်မတို့ ဌာနက ကုမ္ပဏီကိုသာ မှတ်ပုံတင်ပေးတာပါ။ လုပ်ငန်းခွင့်ပြုခြင်း မဟုတ်ပါဘူး’’ဟု ဒေါ်နီလာမူက ဆို သည်။ အကယ်၍ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းများကို ကိုယ်ပိုင် ကျောင်းများ မှတ်ပုံတင်မရှိခြင်း ကြောင့် တရားစွဲမည် ဆိုလျှင် Horizon ကျောင်းတစ်ခုတည်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိဘဲ ဆောင်ရွက်နေသော နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသည့် အင်တာနေရှင်နယ် ကျောင်းများ၊ အစိုးရသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ဘော်ဒါ ကျောင်းများ အမြောက်အမြားရှိ နေသည်။ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများအပါအ၀င် ပညာရေးဥပဒေများ လိုအပ်နေမှုကို Horizon ကျောင်း စစ်ဆေးခံရသည့် ဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။ နိုင်ငံတကာ ကျောင်းများကလည်း လက်ရှိအခြေအနေကို သဘောမကျပါဟု ထုတ်ဖော်ပြောလာသည်။ အစိုးရက တိကျသော သတ်မှတ်ချက်နှင့် ဥပဒေများ မရှိသောကြောင့် လက်ရှိအခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပြီး အကယ်၍ တရား၀င်စာရင်းပေးသွင်း မှတ်ပုံတင်ခွင့်ရပါက ချက်ချင်းမှတ်ပုံတင်မည် ဖြစ်ကြောင်း Horizon ကျောင်း၏ ကုမ္ပဏီအမည်နှင့် ကျောင်းအမည် ပြောင်းလဲဖွင့်လှစ်ရန် ကြေညာထားသည့် BFI ပညာရေး၀န်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းက ပြောသည်။ ‘‘မှတ်ပုံတင်ခွင့် ရမယ်ဆို ကျောင်းတော်တော်များများက ချက်ချင်း လုပ်ကြမှာပါပဲ။ အကုန်လုံးက တရား၀င် ဖြစ်ချင်ကြတယ်လေ’’ဟု ၎င်းက ဆိုသည်။ သမ္မတ ဦးသိန်းစိန်လက်ထက်က ကန့်ကွက်ဆန္ဒပြမှုများ၊ ပဋိပက္ခများဖြင့် အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်း ခဲ့ပြီးနောက် ယင်းဥပဒေ၏ နောက်ဆက်တွဲ ပညာရေးဥပဒေများ ဆက်လက်ထွက်ပေါ်လာရန် ကြန့် ကြာလျက်ရှိသည်။ အစိုးရ၏ ပညာရေး ၀န်ဆောင်မှုစနစ်ကို အားမလို အားမရ ဖြစ်လာသော ငွေကြေးတတ်နိုင်သည့် မိသားစုများအတွက် နိုင်ငံတကာကျောင်းများ၊ နိုင်ငံတကာ ကောလိပ်များ၏ အခန်းကဏ္ဍ သိသိသာသာ မြင့်မားလာနေသည်။ သက်ဆိုင်ရာ ဥပဒေလစ်လပ် နေသဖြင့် ပြည်တွင်းလုပ်ငန်းရှင် များသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းလည်ပတ်နေသော ပုဂ္ဂလိကကျောင်းများနှင့် ပတ်သက်သည့် အချက်အလက်များ စီမံခန့်ခွဲရန်နှင့် ကျောင်းသားများ ထိခိုက်နစ်နာစေမည့် အခြေအနေ ဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ဖြေ ရှင်းရန် လိုအပ်ချက်များ ရှိနေခြင်း ဖြစ်သည်။ အဆိုပါကျောင်းများသည် ငွေကြေးပြည့်စုံသူများကို ဈေးကွက်ဦးတည်ထား၍ ကျောင်းလခစရိတ်သည် အစိုးရကျောင်းနှင့် အဆမတန် ကွာခြားလျက်ရှိသည်။ ကျောင်းသားတစ်ဦး တစ်လပညာသင်စရိတ်သည် အမေရိကန်ဒေါ် လာ ထောင်နှင့်ချီ၍ သက်ဆိုင်ရာကျောင်း၏ နာမည်ကျော်ကြားမှု အလိုက်ရှိသည်။ ‘‘ကျွန်မသားက အလယ်တန်း တက်နေတာ၊ တစ်နှစ်စာကို သိန်းတစ်ရာကျော်လောက်ကျပါတယ်။ ဖယ်ရီစရိတ်တွေ ဘာတွေအပြီး။ အဓိကကတော့ စိတ်ချရတယ်။ ပြီးတော့ ပေးရတဲ့ ငွေကြေးနဲ့တန်တဲ့ ပညာရေးလည်းရမယ် ထင်တယ်’’ ဟု အထူးကုဆရာ၀န် ဒေါ်ခင်ဆင့်က ပြောသည်။ နိုင်ငံတကာကျောင်းများသည် နိုင်ငံတကာရှိတက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ရန် အဓိကအရေးပါလှပြီး သက်ဆိုင်ရာ နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်း၀င်ခွင့်ရရှိရန် အခွင့်အလမ်း ပိုမိုကောင်းမွန်နေခြင်း ဖြစ်သည်။ ‘‘ကျောင်းသားတွေအတွက် အခုက အခွင့်အလမ်းပိုများလာတယ်။ အမေရိကန်နဲ့ UK ပညာရေးစနစ်တွေကို ပိုမိုစိတ်၀င်စား လာကြတယ်။ မြန်မာနိုင်ငံမှာတက် လို့မရတဲ့ နိုင်ငံခြားတက္ကသိုလ်တွေ ကို တက်ခွင့်ရအောင်လို့ ရွေးချယ် လာကြတာပါ’’ဟု Connect Institute ပူးတွဲတည်ထောင်သူ ဦးအောင်ဖုန်းမြင့်က ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ၂၀၁၀ က ရန်ကုန်မြို့တွင် နိုင်ငံတကာကျောင်း ၂၀ ခန့်သာရှိရာမှ ယခုအချိန်၌ ကျောင်းပေါင်း ၁၀၀ ခန့် ရှိနေသည်။ နိုင်ငံတကာအဆင့်မီ ပညာရေးလိုအပ်ချက် မြင့်မားလာနေသဖြင့် လာမည့်နှစ်များအတွင်း နိုင်ငံတကာကျောင်းများ အရေးပါမှု သည်လည်း ပိုမိုမြင့်တက်လာဖွယ် ရှိနေပြီး ပညာရေးဆိုင်ရာ နည်းဥပဒေများ အလျင်အမြန်လိုအပ် နေပြီဖြစ်သည်။ ဈေးကွက်တောင်းဆိုမှုအရ အင်အားကြီးမားလာသော နိုင်ငံ တကာကျောင်းများနှင့်ပတ်သက်၍ ဥပဒေကျိန်းသေလိုအပ်နေ ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က သုံးသပ်သည်။ ‘‘ဒီကျောင်းတွေအတွက် ဥပဒေတွေက မဖြစ်မနေလုပ်သင့်တဲ့ ဥပဒေတစ်ခုပါ။ လုပ်ဖို့လည်း တိုင်ပင်ဆွေးနွေးပါဦးမယ်။ ကျွန်တော်တို့ဆီမှာလည်း ပညာရေးနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းဖို့ ဥပဒေတွေ အများကြီးရှိနေတယ်’’ဟု ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောသည်။ နိုင်ငံတကာကျောင်းများသည် ဈေးကွက်ကျယ်ပြန့်ပြီး ငွေကြေးပမာဏ အမြောက်အမြား စီးဆင်းရာနေရာဖြစ်သည်။ အဆိုပါ ကျောင်းများသည် ပညာရေး၀န်ဆောင်မှု ကုမ္ပဏီပုံစံသာ ဖွင့်လှစ်ထားသောကြောင့် အခွန်အခအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ၀င်ငွေခွန်သာ ရရှိ ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းများစွာ ၀ေးကွာသည့် တူရကီနိုင်ငံရေး ဂယက်သည် Horizon ကျောင်းအပေါ် ရိုက်ခတ်မှု ရှိနေပြီး ယင်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသားများထံ သက်ရောက်လာနိုင်ဖွယ် ရှိနေသည်။ ‘‘ကျွန်တော့်သမီးလေးက မနှစ်ကအထိ Horizon မှာတက်တာ ခုနစ်တန်းပေါ့။ ဖေဖော်၀ါရီက စပြီး ကျောင်းအပ်လက်ခံနေတော့ အပ်လိုက်တယ်။ အခုလတွေ တရားစွဲတယ်၊ ဘာတယ်ကြားတော့ ကျောင်းပြန်နုတ်ချင်တယ်။ ဒါပေမဲ့ မနုတ်ဖြစ်ခဲ့ဘူး။ ကျောင်းလခသွင်းထားတာက ဒေါ်လာရာဂဏန်းဆိုတော့ မိန်းမကလည်း ကျောင်းရဲ့ Mother Club ထဲမှာပါတယ်။ နောက်တော့ ကျောင်းက ခေါ်ပြီး ရှင်းပြတယ်။ ဘာပြဿနာ မှ မရှိနိုင်ပါဘူးပေါ့။ အကုန်လုံး လည်း ဒီလိုလုပ်နေကြတာပဲ။ပညာ ရေးနဲ့ လုံခြုံရေးစိတ်ချပါဆိုပြီး တော့ အဖွဲ့လိုက် ခေါ်ရှင်းပြတယ်’’ ဟု Horizon ကျောင်းတွင် သတ္တမ တန်းတက်နေသော ကျောင်းသူတစ်ဦး၏ ဖခင်က ပြောသည်။ ‘‘ပညာရေး၀န်ဆောင်မှုကတော့ သမီးအခြေအနေကြည့်ရတော့ ကောင်းတယ်ထင်ပါတယ်။ ကျောင်းက Activity တွေကတော့ အတော်ကောင်းတယ်။ အခုမှတော့ အစိုးရကျောင်း ပြောင်းဖို့က မလွယ်တော့ဘူး။ ဒီမှာပဲ အတန်း ပြီးတဲ့အထိ ဆက်ထားသွားမှာပါ’’ ဟု ၎င်းက ဆိုသည်။ Horizon ကျောင်းကဲ့သို့ ဖြစ် စဉ်မျိုး ထပ်မံရင်ဆိုင်ကြုံတွေ့ရပါက ဥပဒေနှင့်အညီ ဖြေရှင်းဆုံး ဖြတ်ဆောင်ရွက်နိုင်ရန် ပြည်သူ့ အစိုးရလက်ထက်တွင် ပညာရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေးဥပဒေ၏ နောက်ဆက်တွဲ ပညာရေးဥပဒေများ ဆက်လက် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေသည်။
Source : http://ift.tt/2rkvYdH
via IFTTT
No comments:
Post a Comment