Monday, May 22, 2017

The Irrawaddy - Burmese Edition

လွှတ်တော်တွင် တုံ့ပြန်ခဲ့မှုအပေါ် ခွင့်လွှတ်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တောင်းဆို ပုံ - ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဦးစိုးညွှန့်ကို ယနေ့လွှတ်တော်တွင်တွေ့ရပုံ / ထက်နိုင်ဇော် / ဧရာဝတီ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးစိုးညွှန့်က တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ခပ်ကြမ်းကြမ်းတုံ့ပြန်ခဲ့သည့် ရှင်းလင်းချက်များကို ပြန်လည် ရုတ်သိမ်းကြောင်းနှင့် ထိုကိစ္စရပ်များအပေါ် ခွင့်လွှတ်ပေးပါရန် ပြည်သူ့လွှတ်တော်တွင် တောင်းဆိုလိုက်သည်။ ယနေ့ကျင်းပသည့် လွှတ်တော်တွင် ဦးစိုးညွှန့်က “ကျနော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေရန်၊ နစ်နာစေရန် ပြောဆိုဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဆန္ဒလည်း မရှိပါဘူး။ ရည်ရွယ်ချက်နဲ့ ဆန္ဒမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်နစ်နာစေမှုများ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ကျနော်၏ဆွေးနွေးချက်များထဲမှ အထက်ပါအချက်များကို ပြန်လည်ရုတ်သိမ်းလိုပါတယ်” ဟု ပြောသည်။ ပြီးခဲ့သည့်မတ်လ ၇ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုကို ပြန်လည်တည့်မတ်ပေးရန် တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းပါကြောင်း အဆိုတင်သွင်းမှု့အပေါ် ပြန်လည်ရှင်းလင်းစဉ် ဦးစိုးညွှန့်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည့်အတွက် လွှတ်တော်အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ဦးစိုးညွှန့်က “ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်သည် တရားရုံးကို မထီမဲမြင်ပြုရာရောက်ကြောင်းနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း ၁၇၊ အပိုဒ် ၁၅၈၊ အပိုဒ်ခွဲ (ခ)ဆ ကို လိုက်နာရန်လိုကြောင်း” ပြောဆိုပြီး ၎င်း၏ရှင်းလင်းချက်များကို ပြန်လည်ရုတ်သိမ်းပြီး မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် တောင်းဆိုသည်။ ထို့အပြင် “ ဦးတင်ထွေးရဲ့ အဆိုတင်ပြချက်များကို ပြန်လည်ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ကျနော်မှာသာ တာဝန်ရှိပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လေးစားပါတယ်။ ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်များကို ထိခိုက်စေရန် နစ်နာစေရန်မရှိဘဲ မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်ကို ခွင့်လွှတ်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဦးစိုးညွှန့်က ဆက်ပြောသည်။ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်အကြား ယခင်ကကဲ့သို့ အပြန်အလှန်ထိန်းကျောင်း၍ အတူရင်းနှီးစွာ တိုင်းပြည်အကျိုး ဖော်ဆောင်လိုကြောင်း ဦးစိုးညွှန့်က တိုက်တွန်းခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များက လက်ခုတ်တီး သြဘာပေးသော်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မည်သည့်မှတ်ချက်မျှ မပြုခဲ့ပေ။ အဆိုတင်သွင်းခဲ့သူဖြစ်သည့် ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက “သူ့လူတွေရဲ့ အမှားကို ကာကွယ်ရင်းနဲ့ သူထပ်ပြီးအမှားလုပ်မိသွားတာပဲ။ သူအခုလိုလာရောက်ပြီး တောင်းပန်တဲ့အတွက် လွှတ်တော်ကတော့ ဘာမှအရေးယူမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေမှာတောင် ဒီလိုအမှားအယွင်းတွေ ရှိနေပါလားဆိုတာကို ပြည်သူတွေသိရင် ကျနော်ကျေနပ်တယ်” ဟု ပြောသည်။ တရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွှန့်၏ ဆွေးနွေးချက်များသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမှုများ ရှိခဲ့ကြောင်း၊ ၎င်း၏ဖြေဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။ ဒေါ်ခင်စန်းလှိုင်က “သူ့အနေနဲ့ ဖြေကြားချက်တွေအပေါ်မှာ တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု ရှိရမယ်။ အခုလို တောင်းပန်တာနဲ့ ကျေနပ်ရမယ် ဆိုတာကတော့ မှားတိုင်း တောင်းပန်ခွင့်ရနေမယ်ဆိုရင်တော့ ဒါဟာမဟုတ်ဘူး”ဟု လွှတ်တော်အပြီး သတင်းထောက်များကို ပြောသည်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း ၁၇၊ အပိုဒ် ၁၅၈၊ အပိုဒ်ခွဲ (ခ) တွင် မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသောအထောက်အထား မပါရှိသည့် ယူဆချက်များ မသင့်လျော်သော အသုံးအနှုန်းများနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ဖော်ပြချက်များ မပါရှိသည့် အဆိုဖြစ်ရမည်ဟု ပြဋ္ဌာန်းဖော်ပြထားသည်။ တရားလွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တရားသူကြီးများသည် ယခင်အစိုးရလက်ထက်က ခန့်အပ်ခဲ့သည့် တရားသူကြီးများဖြစ်ပြီး ၎င်းတို့အားလုံးကို အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသည်ကို တွေ့ရသည်။
Source : https://goo.gl/MZAFN3
via IFTTT

No comments:

Post a Comment