Monday, May 15, 2017

The Voice

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အီတလီသို့ လေ့လာရေးခရီး သွားမည် ရန်ကုန်၊ မေ ၁၄ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံး၏ ဖိတ်ကြားမှုအရ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ယခုလအတွင်း အီတလီနိုင်ငံသို့ လေ့လာရေးခရီးသွားမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။ အီတလီသံရုံးက ယခုနှစ်ဆန်းပိုင်း အတွင်းကပင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်းမာရေး အခြေအနေကြောင့် ယင်းအချိန်က မသွားနိုင်ခဲ့ကြောင်း၊ လတ်တလောတွင် ထွက်ခွာမည့်နေ့ရက်နှင့် ကြာမြင့်နိုင်သောရက် မသိရသေးကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “မေလထဲ သွားဖြစ်မှာတော့ သေချာတယ်၊ ဘယ်လောက်ကြာမယ် မသိရဘူး၊ သံရုံးက ဖိတ်ခေါ်ထားတာလည်း ကြာပြီ။ အဓိကတော့ နှစ်နိုင်ငံ သံခင်းတမန်ခင်းပေါ့၊ YBS ကိစ္စနဲ့ ကျန်းမာရေးကိစ္စတွေ ရှိခဲ့လို့ အခုမှသွားဖို့ စီစဉ်တာပါ” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခေတ္တတာဝန်ယူ အုပ်ချုပ်မည် ဖြစ်သည်။ “နယ်လုံဝန်ကြီးက ဝန်ကြီးချုပ် ခရီးသွားတိုင်း အမြဲတာဝန်ယူပေးသူပါ၊ ပရိုစီဂျာအရလည်း တိုင်းနဲ့ပြည်နယ်အဆင့် အုပ်ချုပ်မှု ပုံစံတွေမှာ ဒီလိုရှိကြတာပဲလေ” ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေနှင့် အစိုးရသက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုများအနက် အီတလီနိုင်ငံသည် ဒုတိယမြောက်နိုင်ငံ ဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်းက စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေးခရီး သွားရောက်ဖူးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများ၌ လှူဒါန်းမှု အများအပြား ရှိခဲ့ပြီး ပျူမြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရေး အတွက်လည်း အဓိက ကူညီပေးခဲ့ကြောင်း၊ ထို့အပြင် ပုဂံယဉ်ကျေးမှုဇုန်နှင့် မြောက်ဦးယဉ်ကျေးမှုဇုန်တို့ ယူနက်စကိုဝင်ရေးအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ထားကြောင်း အီတလီသံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Source : https://goo.gl/4XD2d7
via IFTTT

No comments:

Post a Comment