“ဘယ်သူ ဓမ္မလဲ၊ အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်” သူရဦးအောင်ကို (ရုပ်သံ) အစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့တဲ့ ငွေကျပ် သန်း ၅ ထောင်ခန့်ရှိတယ်လို့ သတင်းတွေရထားပြီး ရာနှုန်းပြည့် အတည်ပြုလို့မရသေးဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ မေ၂၄ရက် မနက် က ကျင်းပတဲ့၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေ ပြန်လည်ဖြေကြား တာပါ။ ၀န်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်အပြည့်အစုံ… “ဇူလိုင်လတုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က မဘသအဖွဲ့နဲ့ပတ်သက်ပြီး သူ့သဘောထား ပြောလိုက်တဲ့အခါမှာ မဘသအဖွဲ့ရဲ့ တက်ကြွလှုပ်ရှားတဲ့ ရဟန်းတော်တပါးက ဝန်ချတောင်းပန် ရမယ်တဲ့။ ကာယကံရှင်ကလည်း ဝန်ချတောင်းပန်ရမယ်တဲ့။ အန်အယ်လ်ဒီပါတီကလည်း ဝန်ချ တောင်းပန်ရမယ်တဲ့။ အန်အယ်လ်ဒီအစိုးရကလည်း ဝန်ချတောင်းပန်ရမယ်တဲ့။ မတောင်းပန်ခဲ့ရင် တပတ်အတွင်း တနိုင်လုံး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မယ်လို့ ပြောတယ်။ ရာဇသံပေးခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီအခါမှာ ကျနော်ကလည်း ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တခါ အစ္စလာမ်ဘာသာရဲ့ ဥပုသ်လ ထွက်တဲ့အခမ်းအနား တက်ပြီးတဲ့အခါမှာ သတင်းမီဒီယာတွေက မေးတဲ့အခါမှာ အဲဒါ သည် ပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ အာဘော်သာ ဖြစ်တယ်။ ပါတီရဲ့အာဘော်လည်း မဟုတ်ဘူး။ အစိုးရရဲ့ အာဘော်လည်း မဟုတ်ဘူး။ ထို့ကြောင့် ဘာမှ ဝန်ချတောင်းပန်စရာ မလိုဘူးလို့ ဝင်ပြီး ဖြေရှင်းခဲ့ပါတယ်။ အဲဒီဖြေရှင်းမှုကို နှစ်ဖက်လုံးက လက်ခံခဲ့တယ်။” “သို့သော် ပြန်တွေးစရာက တနိုင်ငံလုံး လမ်းပေါ်ထွက်စေရမယ်ဆိုတာက တနိုင်ငံလုံးပေါ့။ အောက်ခြေလူတန်းစားအဖို့ လမ်းပေါ်ထွက်နိုင်စေတဲ့ တွန်းအားသည် တခုပဲ ရှိတယ်။ အဲဒါ ငွေအသပြာပဲ ဖြစ်တယ်။ အဲဒီတုန်းကတော့ နေ့တွက်စရိတ်က ၅၀၀၀ ဈေးနှုန်း ပေါက်နေပါတယ်။ နောက် ၁ သောင်း။ အခုဆိုရင် နေပြည်တော်မှာ လာဆန္ဒပြတဲ့ပွဲဆိုရင် ၃ သောင်းအထိ ပေးပါတယ်။ ၂ သောင်း ပေးတယ်။ ၃ သောင်း ပေးတယ်။ အဲဒီလောက်အထိ ပေးပါတယ်။ လူ သောင်းနဲ့ချီ ဆန္ဒပြရင် သိန်းထောင်ချီ ကုန်မယ်။ ဒီငွေတွေ ဘယ်က ရလဲ။” “အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်က ရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရာဘဏ်မှာ အပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲလိုက်ကြတယ်တဲ့။ အမရာဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရာဘဏ်ကို ဘယ်သူ တည်ထောင်လဲဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ကျနော် အထူး မပြောလိုပါဘူး။ အဲဒီလို သတင်းတွေ ထွက်ခဲ့ပါတယ်။ သို့သော် နောက်ကျမှ ပြန်လာတဲ့ ဗဟိုဘဏ်ရဲ့သတင်းက ကျပ် သိန်းပေါင်း ၃ထောင်ခန့်သာ ဖြစ်ပါတယ်လို့ ပြန်ခဲ့ပါတယ်။ ဒါလည်း သူလည်း ဝတ္တရားကျေပဲသဘော ရှိပါတယ်။” “အခုလည်း နေပြည်တော်လာပြီးတော့မှ လူသောင်းနဲ့ချီ ဆန္ဒပြမယ်၊ ဒီအတွက်ကို သန်း ထောင်ချီ သုံးရမယ်။ ဒီငွေတွေ ဘယ်ကရလဲဆိုပြီး ဗဟိုဘဏ်ကို ထပ်မေးတယ်။ ဗဟိုဘဏ်က ဟိုတုန်းက လည်း ပြန်ခဲ့တာ ဝတ္တရားကျေ ပြန်ခဲ့တာ။ အခု ထပ်ပြီးတော့ ဒီစာရင်းကို ပြန်ပေးပါဦးလို့ တောင်းခဲ့တာသည် ရက်သတ္တပတ် ၃ ပတ်ခန့် ရှိခဲ့ပါပြီ။ ကနေ့အထိ ပြန်မလာပါဘူး။ ဗဟိုဘဏ် ကတော့ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းတဲ့သဘောနဲ့ တောင်းဆိုတဲ့အခါမှာ ကနေ့အထိ ပြန်မလာပါဘူး။ မနေ့ကပေါ့။ ပြန်မလာဘူးဆိုတော့ နိုင်ငံတော်သမ္မတရုံးကို စာတင်ထားပါတယ်။ ၂၀၁၆ ခုနှစ်ကရတဲ့ သတင်းအရဆိုရင်တော့ အဲဒီအစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့သည့်ငွေသည် သန်း ၅ ထောင်ခန့် ရှိသည်လို့ သတင်းတွေရပါတယ်။ ရာနှုန်းပြည့် အတည်ပြုလို့မရပါဘူး။ သတင်းပေးတဲ့ပုဂ္ဂိုလ်က သတင်းပေးပါတယ်။ ပေးလို့လည်း ဘဏ်တွေကို ငွေစာရင်းတွေ လိုက်တောင်းခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ပုဂ္ဂလိကဘဏ်ရော၊ ဗဟိုဘဏ်ရော အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ ဒါတွေကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။ သိန်း ၃ ထောင်ဆိုတာနဲ့ပဲ လက်ခံလိုက်ရပါတယ်။ သိန်း ၃ထောင် မကပါဘူး။” “အခုလည်း မရလို့မို့ သမ္မတရုံးကို စာတင်ထားပါတယ်။ ဒါတွေမှာ အခုကြည့်လိုက်ရင် ပြန်ကြည့် လိုက်ပါ။ မကွေးတိုင်းကို ပြန်ကြည့်လိုက်ပါ။ သန်း ၅ ထောင်၊ ၆ ထောင်မက ပေါ်လာတယ်။ ပြီးခဲ့တဲ့ အစိုးရ မလွှဲပြောင်းခင်မှာ မကွေးတိုင်း ကြည့်လိုက်၊ သန်း ၆ ထောင်မက ငွေတွေ အခု ဘယ်ရောက်သွားသလဲ။ နောက်ထပ် ပေါ်လာမယ့်ဟာတွေ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ရှိနေ ပါသေးတယ်။ ဘယ်အဖွဲ့အစည်းကလည်း၊ ဘယ်အစိုးရလက်ထက်ကလဲ။ နောက်ထပ် ပေါ်လာဖို့ အများကြီး ရှိပါသေးတယ်။ ဒါတွေ ပြည်သူတွေကသာ ဝိုင်းဝန်းဖော်ထုတ်မယ်ဆိုရင် အဲဒီ ပြည်သူ့ ဘဏ္ဍာတွေကို တရားမဝင်ဘုန်းထားတဲ့ ငွေစာရင်းတွေအားလုံးဟာ ပြည်နယ်၊ တိုင်း အားလုံးမှာ ပေါ်လာမှာ ဖြစ်ပါတယ်။” “အဲဒီအချိန်မှာ အခု စွပ်စွဲနေသလို လက်ရှိအစိုးရက ဗုဒ္ဓဘာသာ အားမပေးဘူး၊ အခြား ဘာသာရေး အားပေးတယ်။ ဗုဒ္ဓဘာသာကို ဖိနှိပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်စွပ်စွဲနေတယ် ဆိုတာတွေက တကယ်တော့ အဓမ္မဝါဒီတွေက စွပ်စွဲနေတာ ဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့ နိုင်ငံကို ပေါ့လေ အာဏာရှင်စနစ်ဆီကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူပုဂ္ဂိုလ်တစု၊ အဖွဲ့အစည်း တခုက ထောက်ပံ့ငွေတွေနဲ့ ထောင်လွှားနေတဲ့ ပုဂ္ဂိုလ်တွေပြောတဲ့စကား ဖြစ်ပါတယ်။ ဘယ်သူ သည် ဓမ္မလဲ၊ ဘယ်သူသည် အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။” http://ift.tt/2rivJmb
Source : http://ift.tt/2rivJmb
via IFTTT
No comments:
Post a Comment