ရခိုင်အရေး ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အိန္ဒိယရှေ့နေဦးဆောင်မည် ပုံ - သီရိလင်္ကာရှေ့နေ ကုမာရာဆွာမိနှင့် လူ့အခွင့်အရေးလှုပ်ရှား Radhika ကို တွေ့ရစဉ် / Reuters ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို လုံခြုံရေးတပ်ဖွဲ့များက ညှင်းပမ်းနှိပ်စက် သတ်ဖြတ် အဓမ္မပြုကျင့် သည် ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် အချက်အလက် ရှာဖွေရေးအဖွဲ့တွင် အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေး ရှေ့နေတဦးနှင့် အခြားကျွမ်းကျင်သူ ၂ ဦးတို့ကို ကုလသမဂ္ဂက ယနေ့ခန့်အပ်လိုက် သည်။ ထိုအဖွဲ့ကို အိန္ဒိယ တရားရုံးချုပ်ရှေ့နေ အင်ဒီရာ ဂျိုင်ဆင်းက ဦးဆောင်မည်ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင်ဖေါ်ပြထားပြီး၊ အခြားအဖွဲ့ဝင်နှစ်ဦးတို့မှာ ဟားဗတ်တက္ကသိုလ်ဆင်း သီရိလင်္ကာ ရှေ့နေ ရာဒီကာ ကုမာရာ ဆွာမိနှင့် သြစတေးလျ အတိုင်ပင်ခံ ခရစ်စတိုဖာ ဒိုမင်းနစ်တို့ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးစေခဲ့သော မွတ်ဆလင်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သော မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအပြီးတွင် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၇၅၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များက လူသားထု တရပ်လုံးအပေါ်ကျူးလွန်သော ရာဇဝတ်မှု နှင့် ဖြစ်နိုင်ခြေရှိသော လူမျိုးတုန်း သတ်ဖြတ်မှု ဆန်ဆန် စစ်ဆင်ရေးတခု အတွင်း မွတ်ဆလင်များကို အစုလိုက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့ သည်ဟုဖော်ပြထားသည်။ ဥရောပသမဂ္ဂက တင်သွင်းပြီး အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ထောက်ခံသော ယင်း အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းရန် အဆိုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ တွင် ဆုံးဖြတ်ခဲ့ပြီး ကျူးလွန်သူများအနေဖြင့် အပြည့်အဝ တာဝန်ယူရန်နှင့် သတ်ဖြတ်ပြုကျင့်ခံရသူ များအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုခဲ့သည်။ တရုတ်နှင့်အိန္ဒိယတို့ကမူ ထိုဆုံးဖြတ်ချက်နှင့် ခပ်ကင်းကင်း နေခဲ့ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် သီးခြား အကြံပေးကော်မရှင်၏ ထောက်ခံ တင်ပြချက်များကိုသာ လက်ခံမည် ဖြစ်ပြီး အခြားမည်သည့် တိုက်တွန်းအကြံပြုချက် မဆိုသည် အသိုင်းအဝန်းများအကြား သွေးကွဲစေလိမ့်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာသံတမန်များကလည်း လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် လက်တွေ့မြေပြင်အခြေအနေနှင့် နိုင်ငံအခြေအနေတို့နှင့် မကိုက်ညီကြောင်း ပြောဆို ပယ်ချခဲ့ပြီး ပြည်တွင်းစုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ရန် အချိန်ပိုမိုတောင်းခံခဲ့သည်။ အင်ဒီရာ ဂျိုင်ဆင်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော မိသားစုတွင်း အကြမ်းဖက်မှု ဥပဒေကို ရေးဆွဲ ခဲ့ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့ကို တိုက်ခိုက်သူများအား ပြန်လည် တရားစွဲဆိုခွင့် ပထမဆုံး အကြိမ် ရရှိစေခဲ့သူဖြစ်သည်။ အချက်အလက် ရှာဖွေရေး ကော်မရှင်အနေဖြင့် လာမည့် စက်တင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီသို့ နှုတ်ဖြင့် အစီရင်ခံမည် ဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၈ ခုနှစ် မတ်လ တွင် တင်သွင်းမည်ဖြစ်သည်။ အဖွဲ့ဝင်များသည် လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရန် လာမည့်အပတ်များတွင် ဂျနီဗာမြို့၌ တွေ့ဆုံကြမည် ဖြစ်သည်။
Source : https://goo.gl/12aR7y
via IFTTT
No comments:
Post a Comment