အစိုးရဟောင်း အနေနှင့် ဥပဒေကို ကျော်လွန်ငွေချေးခဲ့ကြောင်း တွေ့ရှိ ရန်ကုန်၊ မေ ၂၆ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ အနေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများကို ကျော်လွန်၍ ပြည်တွင်း၊ ပြည်ပမှ ချေးငွေများကို ချေးယူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာက ဖော်ပြသည်။ မေလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၁၆ ခုနှစ်အတွင်း အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ အနေနှင့် အဆိုပါ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ စုစုပေါင်းကျပ် ၅၇၆၈ ဒသမ ၂ ဘီလီယံ ချေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေပါ ခွင့်ပြုသည့် ပမာဏထက် ဘီလီယံ ၁၈၀ဝ ကျော် ပို၍ ချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၂၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။ “၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူငွေဟာ ကျပ်ဘီလီယံ ၃၉၀ဝ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုထားတဲ့ ငွေထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလီယံ ပိုမိုချေးယူခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလ အတွင်း စုစုပေါင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ ကျပ် ၉၃၇၁ ဘီလီယံကျော် ချေးယူခဲ့သည်။ အဆိုပါ ပမာဏအနက် အစိုးရ ငါးနှစ်သက်တမ်း၏ နောက်ဆုံးနှစ်တစ်နှစ်ထဲတွင် ချေးယူသည့် ပမာဏသည် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းပင် ရှိသည်။
Source : https://goo.gl/GDwyZe
via IFTTT
No comments:
Post a Comment