တရုတ်ရွှေတူးသမားတွေ ရောက်လာတဲ့ ရွှေကျင် ရိုးရာမီးမျှောပွဲများ၊ အေးချမ်းမှုနှင့် ဒေသထွက် သီးနှံတို့ကြောင့် နာမည်ကျော်သော ရွှေကျင်မြို့လေးသည် ထူးဆန်းသော ရွှေကြောများ တွေ့ရှိပြီးသည့်နောက်ပိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်အဖွဲ့တို့ကြား ရှုပ်ထွေးသော စီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာ မရှိသော ဆောင်ရွက်မှုများဖြင့် ဒေသခံများနှင့် ရွှေလာရောက်တူးဖော်သူ နိုင်ငံခြားသားတို့ အကြား ပဋိပက္ခလမ်းကြောင်းကို ပို၍ဦးတည်လာနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ပြီး ရွှေကျင် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ရွှေတူးဖော်သူများကြားတွင် တရုတ်နိုင်ငံမှ တူးဖော်သူများ စတင်ရောက်ရှိလာကြသည်။ သူတို့ကို မည်သူက ခွင့်ပြုသည်၊ မည်သည့် ခွင့်ပြုချက်ဖြင့် လာရောက်တူးဖော်သည် ဆိုသည်ကား မသဲကွဲ။ အစိုးရဘက်ကလည်း သူတို့ခွင့်ပြုတာ မဟုတ်ဟု ပြောသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း သူတို့သိရှိခြင်း မရှိဟု ပြောကြသည်။ သို့သော် ရွှေကျင်ချောင်းဘေးတွင် တရုတ်နိုင်ငံသားများက ဝရိန်သံတဒီဒီပေးကာ သံပြားဂိတ် ထူထူများဖြင့် ပေ ၅၀ ခန့်ရှိ ရွှေဖောင်ကြီးများကို တည်ဆောက်နေကြသလို တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်မည့် ရွှေဖောင်ကြီးအချို့ကလည်း ချောင်းဖျားကို ဆန်တက်သွားကြပြီ ဖြစ်သည်။ အဆိုပါ တရားမဝင် ရွှေတူးဖော်မှု ပြုနေကြသည့် ရွှေဖောင်ကြီးများကို လာရောက်ဦးစီး လုပ်ကိုင်နေကြသူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး အောက်ခြေလုပ်သား အနည်းငယ်သာ ဒေသခံများ ဖြစ်သည်။ “ခုတော့ ချောင်းဖျားမှာ ရွှေတူးတော့ ချောင်းရေက ကျွဲ၊ နွား တိရစ္ဆာန်တောင် တိုက်လို့မရတော့ဘူး။ ရေက နီရဲနေတဲ့အပြင် ချောင်းရေပြင်မှာ စက်သုံးဆီကွက်တွေ ပေါ်နေတယ်။ နောက်တစ်ခုက ရွှေသန့်စင်တဲ့ ဆိုက်ရာနိုက်လို အဆိပ်တွေကို ဘယ်လိုစွန့်ပစ်လဲ ဆိုတာ မသိရတော့ စိုးရိမ်ဖို့ အလွန်ကောင်းနေပြီ” ဟု ရွှေကျင်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်နေသူ အမျိုးသားက သုံးသပ်သည်။ ဒေသခံများသည် ရှေးယခင်က တစ်နိုင်တစ်ပိုင် မိရိုးဖလာ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဥယျာဉ်၊ ခြံမြေလုပ်ငန်း လုပ်ကိုင်သူများသာ ဖြစ်ပြီး လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်ခန့်မှ စတင်ပြီး အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လာကြသော်လည်း ယခုကဲ့သို့ ရွှေဖောင်ကြီးများသာမက လက်နက်များ ကိုင်ဆောင်ပြီး ရွှေတူးဖော်နေကြခြင်းကို တားမြစ်ခြင်း မရှိသည်မှာ အုပ်ချုပ်ရေး အာဏာပိုင်များကို မေးခွန်းထုတ်ရမည် ဖြစ်သည်ဟု ရွှေကျင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ “တရုတ်နိုင်ငံသားတွေက တစ်ဖွဲ့တစ်ဖွဲ့ကို လူလေးဆယ်လောက် ရှိတယ်။ ဟိုဘက်တစ်ပတ်လောက်က ရွှေဖောင်ကြီးတစ်ခု မဒမချောင်းဖျားကို တက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ ဒေသခံတွေနဲ့ တရုတ်တွေ အကြားမှာ အကြိမ်ကြိမ် ပြဿနာတက်ခဲ့တယ်။ ဒီလိုကိစ္စမျိုးကို ငြိမ်ခံနေမယ်ဆို နောက်မျိုးဆက်အတွက် ဆိုးမွေပဲ ဖြစ်လိမ့်မယ်” ဟု ရွှေကျင်ချစ်သူများအဖွဲ့မှ မရတနာလင်းက ပြောကြားသည်။ အဆိုပါ တရုတ်နိုင်ငံသားများသည် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြစ်ချောင်းတူးဖော်မှုများကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်ရင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဟု ဆိုပြီး ခွင့်ပြုချက် တောင်းခံထားခြင်း ရှိသော်လည်း တရားဝင် ခွင့်ပြုပေးထားခြင်း မရှိကြောင်း၊ လုပ်ငန်းများ ရပ်ဆိုင်းရန် အသိပေးစာ ထုတ်ပြန်တားမြစ်ထားကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။ တကယ်လို့ တားမြစ်ချက်ကို ဆက်ဖောက်မယ်ဆို သက်ဆိုင်ရာ သတ္တုတွင်း ဝန်ကြီးဌာနက တာဝန်ယူပြီး တည်ဆဲဥပဒေအရ အရေးယူလိမ့်မယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အစိုးရဘက်က ပြောကြားချက်နှင့် ပတ်သက်ပြီး ရွှေကျင်ဒေသခံများ ဖွဲ့စည်းထားသည့် ရွှေကျင်ချစ်သူများအဖွဲ့က “အုပ်ချုပ်ရေးပိုင်းက ပြောရင် အဲလိုပဲ ဝေ့လည်ကြောင်ပတ် ပြောမယ်” ဟု တုံ့ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေကျင်ဒေသခံများနှင့် ကေအန်ယူတို့ ရွှေဖောင်တွေကိစ္စ တွေ့ဆုံဆွေးနွေးတော့ KNU ကလည်း သဘောတူထားသည်ဟု သတင်းများထွက်လာသည်။ သို့သော် ကေအန်ယူ တပ်မဟာ ၃ တာဝန်ရှိသူကမူ အဖွဲ့က သဘောမတူထားကြောင်း သိရသည်ဟုလည်း ရွှေကျင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။ ယင်းကဲ့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ရွှေတူးဖော်နေခြင်းကို ခွင့်ပြုထားကြောင်း ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ မိမိတို့အဖွဲ့ကို အသိပေးထားခြင်း မရှိသကဲ့သို့ ခွင့်ပြုချက်လည်း ပေးမထားပါကြောင်း ကေအန်ယူ တပ်မဟာ ၃ မှ ပြောရေးဆိုခွင့်ရှိသူ စောအယ်ခူက ရှင်းပြသည်။ ရွှေတွေရှိသော ရွှေကျင်တွင် ပြောစရာဇာတ်လမ်းက နှစ်ပုဒ်ဖြစ်သည်။ ယခုကဲ့သို့ ရွှေကျင်မြို့အနီး ရွှေကျင်ချောင်း၊ မဒမချောင်းတို့တွင် လက်နက်များကိုင်ပြီး ပေါ်ပေါ်ထင်ထင် ရွှေလာတူးကြသူ တရုတ်နိုင်ငံသားတို့ အကြောင်းနှင့် ပြီးခဲ့သည် မတ်လက ရွှေတွေ၊ ကျောက်တွေ အကြားက ရွှေကြောတွေ့သည် ဆိုသော ခလိန်ဒေသနှင့် ဒေသခံများ အကြောင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံသားတို့အကြောင်း အတန်အသင့်ဖော်ပြပြီး ဖြစ်ရာ ယခုဒေသခံတို့ ရွှေအကြောလိုက် တွေ့သည့် ခလိန်ဒေသအကြောင်းကို ဆက်ပါမည်။ ရွှေကျင်မြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာ ဝင်းခနိမ် ကျေးရွာအုပ်စု ခလိန်ဒေသ၌ ရွှေတွင်းဟောင်းတစ်ခု ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလခန့်က လုပ်ငန်းမကောင်းသဖြင့် ရပ်နားထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုတွင် ဒေသခံ ကရင်အမျိုးသမီးတစ်ဦး ရွှေပါသည့် ကျောက်ကျောတစ်ခုကို တွေ့ရှိရပြီးနောက်ပိုင်း ရွှေကျင်အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် ရွှေရှာသူ မုဆိုးပေါင်း ရာနှင့်ချီကာ ရောက်ရှိလာပြီးနောက် အုပ်ချုပ်ရေးပိုင်းနှင့် နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ယင်းလုပ်ငန်းခွင်ကို ပိတ်လိုက်ကြသည်။ နောက်ပိုင်းတွင် ဒေသခံများကို စိစစ်ကာ ကျေးရွာတစ်ဖွဲ့လျှင်၂ နာရီကြာ အဆိုင်းချပြီး အလှည့်ကျ တူးဖော်ခွင့်ပေးခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်ကမူ ရွှေအလှည့်ကျတူးသူ ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ရွှေလာတူးသူ အမျိုးသားတစ်ဦး သေနတ်မှန် သေဆုံးခဲ့သည်။ မိရိုးဖလာ အင်းဝိုင်းဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်သူများနှင့် နာမည်ကျော် ရှောက်သီးထွက်ရှိသည့်အပြင် နှစ်ပေါင်းရာချီ ကျင်းပလာခဲ့သည့် သီတင်းကျွတ် မီးမျှောပွဲတော်၏ ဂုဏ်သတင်းကြောင့် လူသိများသော်လည်း ရွှေကျင်မြို့သည် တောမြို့ကလေး တစ်မြို့အတွက် အဆိုပါ သတင်းမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ လက်ရှိတွင် ဒေသခံများ တစ်နိုင်ရွှေရှာဖွေမှု ရပါက စားဝတ်နေရေး အဆင်ပြေနိုင်သည့် ခလိန်ဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားပြီး ပစ်ခတ်နှိမ်နင်းသော်လည်း ရွှေဖောင်ကြီးများဖြင့် ရွှေကျင်ချောင်း၊ မဒမချောင်းတစ်လျှောက် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသားများကိုမူ တားမြစ်ပေးသူ မရှိဟု ဒေသခံများက ဆိုကြသည်။ “ကျွန်တော်ကိုယ်တိုင် မဒမချောင်းမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင်ကြီးတွေကို ဓာတ်ပုံသွားရိုက်တယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ တရုတ်တစ်ယောက်က တရုတ်လို လာပြောတဲ့အပြင် သေနတ်ထုတ်ပြီး ပစ်မလို့ ပြင်တယ်။ ဒါနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်ပေမယ့် အမှုမဖွင့်ပေးဘူး။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားတော့ တရားဝင် ခွင့်မပြုဘူး ပြောပေမယ့် အခုလက်ရှိအထိ လုပ်နေတယ်။ လက်ပံတောင်းတောင် ကိစ္စကို သင်ခန်းစာမယူရင်တော့ ရွှေကျင်က သဘဝပတ်ဝန်းကျင် ပြဿနာသာ မကဘူး တရုတ်နဲ့ ဒေသခံတွေ ပြဿနာတွေ တက်လာမယ်” ဟု ရွှေကျင်ဒေသခံ တက်ကြွလှုပ်ရှားသူ ဦးရာဇာက ပြောကြားသည်။ “အင်္ဂလိပ်အစိုးရ လက်ထက်က ရွှေကျင်တဲ့လုပ်ငန်းက အတော်လေး ထွန်းကားနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ “အဘ ငယ်ငယ်ကကြားဖူးတာတော့ အိမ်ထဲမှာ ရွှေကျင်ခွင့်မပေးတာ လွတ်လပ်ရေးရခါနီးလို့ ပြောကြတယ်။ အခုလည်း မြို့ပေါ်ရပ်ကွက်တွေက မြေကိုယူပြီးကျင်ရင် ရွှေထွက်သေးတယ်လို့ ယုံတယ်” ဟု ရွှေကျင်ဒေသခံ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။ ရှေးယခင်က တစ်နိုင်တစ်ပိုင် ရွှေတူးရွှေရှာကြသူများ နေရာတွင် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်မှ စတင်ကာ မြို့ခံများနေရာတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ကူဘိုတာစက်ကြီးများ၊ ယန္တရားကြီးများဖြင့် ငွေကျပ်သိန်းရာချီ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာသည့်အတွက် တစ်နိုင်တူးဖော်သူများ နေရာပျောက်ကွယ်ခဲ့ကြရသည်။ ယခုအခါ တရုတ်နိုင်ငံသားတို့ကပါ ခြေကုပ်ယူရန် ရောက်လာကြပြီ ဖြစ်သည်။ ရွှေကျင်မြို့ခံများ၏ ဘဝကတော့ သူတို့ကျိန်စာသင့်သည်ဟု ယူဆကြသည်။ ဒေသခံများ တစ်ပိုင်တစ်နိုင် ရွှေရှာ ရွှေကျင်၍ မရရှိသော်လည်း ငွေကြေးချမ်းသာသူများသာမက တရားဝင်သည် မဝင်သည် မသိရသည့် တရုတ်နိုင်ငံသားများစွာက ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိနေကြောင်း ရွှေကျင်မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။ “အုပ်ချုပ်ရေးပိုင်းကလည်း လက်နက်ကိုင် ဘက်လွှဲချလိုက်၊ အစိုးရအဖွဲ့ကို လွှဲချလိုက် လုပ်နေတယ်။ ခုရွှေရှာနေတယ်ဆိုပြီး ပြောနေတဲ့ ရွှေဖောင်ကြီးတွေက ရွှေတစ်မျိုးတည်း ရှာတာမျိုး မဟုတ်ဘဲ အခြားဓာတ်သတ္တုတွေပါ အကုန်မ,ဖို့ ပြင်နေတယ်လို့ ယူဆတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော် ရွှေကျင်ချောင်းဘေးတွင် တရုတ်နိုင်ငံသားများ၏ ရွှေဖောင်ကြီးများ ချောင်းဖျားကို ဆန်တက်နေဆဲ။ “ရွှေကျင်က ရွှေနဲ့ပဲ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားသူတွေ ရှိသလို ရွှေနဲ့ပဲ သုံးမကုန်အောင် ချမ်းသာသွားသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သဘာဝသယံဇာတ ဆိုတာ စီမံခန့်ခွဲမှု မကောင်းတဲ့ အုပ်စိုးသူတွေ လက်ထက်ဆိုရင် သယံဇာတဆိုတာ ဒေသခံတွေအတွက် ကျိန်စာပါ။ ရွှေကျင်ပြဿနာကို အုပ်ချုပ်သူတွေ ကောင်းမွန်စွာ စီမံခန့်ခွဲ ဖြေရှင်းနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ” ဟု ရွှေကျင်ဒေသခံတစ်ဦးက ပြောသည်။
Source : https://goo.gl/bg0D3Z
via IFTTT
No comments:
Post a Comment