Tuesday, May 23, 2017

The Irrawaddy - Burmese Edition

တရုတ် ကြားဝင်ညှိနှိုင်းမှုကြောင့် မြောက်ပိုင်း ၇ ဖွဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်မည် “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ နေပြည်တော်တွင် မေလ ၂၄ ရက်တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ တက်ရောက်ရန်အတွက် အဆိုပါ ၇ ဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှတဆင့် နေပြည်တော်သို့ တရုတ်အစိုးရက စီစဉ်ပေးသည့် လေယာဉ်ဖြင့် မေလ ၂၃ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာကြောင်း ဧရာဝတီက စုံစမ်းသိရသည်။ ၂၁ ရာစု ပင်လုံ တက်ရောက်ရေးအတွက် လျစ်လျူရှုခံထားရသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့လည်း မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့နှင့်အတူ ပါဝင်ကြောင်း အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။ ညီလာခံသို့ TNLA က တက်ရောက်မည်ဖြစ်ကြောင်း မေလ ၂၃ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့အဖွဲ့ထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က မေလ ၂၂ ရက် ညနေပိုင်းက ဖိတ်ကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုထုတ်ပြန်ချက်တွင် “ ရပ်တန့်ပိတ်ဆို့နေသည့် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လမ်းစပွင့်ရန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ထိုညီလာခံအစည်းအဝေးသို့ FPNCC ကော်မတီ (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) နှင့်အတူ မိမိတို့တက်ရောက်ပါမည်” ဟု ဖော်ပြထားသည်။ မြောက်ပိုင်း ၇ ဖွဲ့သည် ၂၁ ပင်လုံ ညီလာခံ တက်ရောက်ရေးအတွက် ကူမင်းမြို့ကို မေလ ၂၂ ရက်ကတည်းက ရောက်ရှိနေကြသော်လည်း နေပြည်တော်၏ ခွင့်ပြုချက်ကိုု စောင့်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထိုသို့ စောင့်ဆိုင်းနေစဉ် နေပြည်တော်၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယနေ့နံနက်ပိုင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး လုပ်ငန်းစဉ်ကို အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။ ၂၁ ရာစု ပင်လုံသို့ တက်ရောက်မည့် ၇ ဖွဲ့တွင် UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် MNDAA၊ TNLA၊ AA တို့ ပါဝင်ကြောင်း သိရသည်။ မြောက်ပိုင်း ၇ ဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးအတွက် MNDAA၊ TNLA နှင့် AA တို့ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန်၊ ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ၎င်းတို့ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခွင့်ပေးရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာသော ခေါင်းဆောင်ကိုယ်စားလှယ်များကို လုံခြုံရေး အကာအကွယ်ပေးရန် စသည့် အချက်သုံးချက်ကို တရုတ်အစိုးရ၏ ကြားဝင်ညှိနိုင်းပေးမှုမှတဆင့် တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုတချိန်တည်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်များက ၂၁ ရာစု ပင်လုံတက်ရောက်နိုင်ရေးအတွက် ဆွေးနွေးနေကြသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။
Source : https://goo.gl/fiYJip
via IFTTT

No comments:

Post a Comment