ကုန်သွယ််မှုဆိုင်ရာ ငွေပေးသွင်းမှုများ MPU ကတ်စနစ်ဖြင့် ဆောင်ရွက်မည် ရန်ကုန်၊ မေ ၂၂ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့တွင် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ ပြုလုပ်ရာ၌ MPU ကတ်စနစ်ဖြင့် စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ “ဇွန်လမှာ ကတ်နဲ့စလုပ်မယ့် နေရာတွေက ရန်ကုန်၊ နေပြည်တော်၊ မူဆယ်၊ မြဝတီ လေးနေရာ ဖြစ်တဲ့အတွက် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) တို့၊ SEZ (သီလဝါ) တို့ ပါလာတာပါ။ ကုမ္ပဏီ မှတ်ပုံတင်ကြေးပေးတာတို့၊ လိုင်စင်ကြေး လျှောက်တာတို့ကို ကတ်နဲ့ငွေချေနိုင်အောင် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။ ယခင်က ကုန်သွယ်ရေးဦးစီးဌာန၌ လိုင်စင်ကြေးပေးသွင်းခြင်း၊ မှတ်ပုံတင်ကြေး ပေးသွင်းခြင်း၊ စီးပွားရေး အကျိုးဆောင်လုပ်ငန်းရှင် မှတ်ပုံတင်ကြေး ပေးသွင်းခြင်း စသည့် နိုင်ငံတော်သို့ ပေးသွင်းငွေများ ပေးသွင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများဘဏ်တွင် ငွေစာရင်းဖွင့်ပြီး သူများကိုသာ e-Payment စနစ်ဖြင့် လက်ခံခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင် ဘဏ်တစ်ခုတည်းကို ခွင့်ပြုထားခြင်းအစား မြန်မာနိုင်ငံတွင်ရှိသော ဘဏ် ၂၃ ခုနှင့် ချိတ်ထားသည့် Myanmar Payment Union (MPU) စနစ်ကို ခွင့်ပြုပေးမည့်အတွက် လွယ်ကူလျင်မြန်စွာ ငွေပေးချေမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ ယခင်အစိုးရလက်ထက်တွင် MPU ကတ်စနစ်ကို စတင်အကောင်အထည်ဖော်နိုင်သည့် အတွက် လက်ရှိအချိန်တွင် လစာများကို ကတ်နှင့် ထုတ်နိုင်နေပြီ ဖြစ်ကြောင်း၊ ယခုထပ်မံ၍ အစိုးရသို့ ငွေပေးချေသည့် လုပ်ငန်းများတွင် ကတ်များနှင့် ငွေပေးချေသည့်အတွက် ပိုမို၍ အဆင်ပြေလာမည် ဖြစ်ကြောင်း ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် ဦးစိုးမြင့်က ပြောဆိုသည်။ “ကတ်နဲ့ ငွေပေးချေတာ တွင်ကျယ်ဖို့ အစိုးရကပါ လုပ်လာတာ ထင်တယ်။ ဒါပေမဲ့ မကြာခဏ လိုင်းပြတ်တာတွေ ဖြစ်နေတော့ ဆက်သွယ်ရေးစနစ်ကို ကောင်းအောင်လုပ်ဖို့ လိုမယ်” ဟု ၎င်းက ဆိုသည်။
Source : https://goo.gl/25xrp1
via IFTTT
No comments:
Post a Comment