ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၁၀၀ နီးပါးတွင် အလွန်လျင်မြန်သော ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွား မေ ၁၂ ရက်က ကွန်ပျူတာတစ်လုံးတွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုအား အသိပေးထားမှုကို @ fendifille ၏အမည်ဖြင့်သုံးစွဲသူက Twitter တွင်ဖေ်ာပြထားသောဓာတ်ပုံ (Photo: AP) ကမ္ဘာတစ်ဝန်းတွင် မေ ၁၂ ရက်၌ အလွန်လျင်မြန်သောနှုန်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်လုံခြုံရေး အေဂျင်စီ (NSA) မှပေါက်ကြားခဲ့သော မှတ်တမ်းဖိုင်များမှ အကာအကွယ်မဲ့နေသည့် ချို့ယွင်းချက်များကို အပြည့်အဝ အသုံးချသွားသည်ဟု ယူဆရသည်။ ဒါဇင်နှင့်ချီသောနိုင်ငံများတွင် သက်ရောက်မှုရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည့် ယင်းတိုက်ခိုက်မှုများတွင် သုံးစွဲသူများ၏ဖိုင်များကို ransomware ဟုခေါ်သည့် ဗိုင်းရပ်စ်ဖြင့် ပိတ်ပစ်သည့်နည်းလမ်းကို အသုံးပြုခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဖိုင်များ ပိတ်ပစ်ခံခဲ့ရပြီး ပြန်လည်အသုံးပြုလိုပါက တိုက်ခိုက်သူများ တောင်းဆိုသည့် virtual currey ဖြစ်သော Bitcoin ပမာဏကိုပေးမှသာ ပြန်ဖွင့်ပေးသည့်နည်းအား သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ransomware သည်အီးမေးလ် သို့မဟုတ် ဝက်ဘ်ဆိုက်လိပ်စာလင့်ခ်များကို နှိပ်စရာမလိုဘဲ local network အတွင်း စက်တစ်လုံးမှတစ်လုံးသို့ အလျင်အမြန်ပျံ့နှံ့နိုင်သည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီ Ntrepid ကထုတ်ပြန်ခဲ့သည်။ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရမှုများတွင် ဗြိတိန်ရှိဆေးရုံများ၊ ရုရှားပြည်ထဲရေး ဝန်ကြီးဌာန၊ စပိန်ဆက်သွယ်ရေးကုမ္ပဏီကြီး Telefonica၊ အမေရိကန် အမြန်ချောပို့ကုမ္ပဏီ FedEx နှင့် အခြားအဖွဲ့အစည်း အများအပြားပါဝင်ခဲ့ကြောင်း သိရသည်။ ဗြိတိန်အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု (NHS) ၏ဝန်ဆောင်မှုများအား အနှောင့်အယှက်ဖြစ်စေခဲ့သော ယင်းတိုက်ခိုက်မှုများအား ဗြိတိန်ဆိုက်ဘာ လုံခြုံရေးစင်တာနှင့် ရာဇဝတ်မှုနှိမ်နင်းရေးဆိုင်ရာ အေဂျင်စီတို့က စစ်ဆေးနေသည်။ “ဒါက NHS ကိုပဲပစ်မှတ်ထားတိုက်ခိုက်တာ မဟုတ်ဘူး။ နိုင်ငံတကာတိုက်ခိုက်မှု ဖြစ်ပြီးတော့ နိုင်ငံနဲ့အဖွဲ့အစည်းတွေ အများကြီးအပေါ် သက်ရောက်ခဲ့တယ်” ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောကြားခဲ့သည်။ အမေရိကန် အမိမြေလုံခြုံရေးဌာန၏ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့က နိုင်ငံတစ်ဝန်းရှိ နိုင်ငံအများအပြားတွင် ransomware ဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ကို သိရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။ လုံခြုံရေးကုမ္ပဏီ Avast မှ Jakub Kroustek ၏ဘလော့ဂ်တွင် ဂရင်းနစ်စံတော်ချိန် ၂၀၀၀ နာရီက နောက်ဆုံးအခြေအနေ ရေးသားမှု၌ နိုင်ငံပေါင်း ၉၉ နိုင်ငံတွင် တိုက်ခိုက်မှု ၇၅၀၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ Kaspersky မှသုတေသီ ကော်စတင်ရောင်းက နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် တိုက်ခိုက်မှုပေါင်း ၄၅၀၀၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုသည် သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် မက္ကဆီကိုတို့ရှိ ကွန်ပျူတာကွန်ရက်များကို သက်ရောက်ခဲ့ကြောင်း Forcepoint Security Labs ကလည်းထုတ်ပြန်ခဲ့သည်။ ကွန်ပျူတာ၏ Windows စနစ်ရှိချို့ယွင်းချက်ကို အပြည့်အဝအသုံးချသည့် malware သည်အသစ်အဆန်း မဟုတ်သော်လည်း ransomware ဗိုင်းရပ်စ်ပေါင်းစပ်လိုက်ခြင်းကြောင့် အလွန်အမင်း အန္တရာယ်များစေခဲ့သည်ဟု အမေရိကန် လုံခြုံရေးအကြံပေးအဖွဲ့ Denim Group မှ ဂျွန်ဒက်ဆင်က ပြောကြားခဲ့သည်။ malware ၏အမည်အား Wcry ဟုပေးထားသော်လည်း WannaCry ကဲ့သို့ အခြားအမည်များလည်းရှိကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ Shadow Brokers ဟုခေါ်သော ဟက်ကာအဖွဲ့တစ်ဖွဲ့က NSA မှချို့ယွင်းချက်ကို ရှာတွေ့ခဲ့ကြောင်း အခိုင်အမာဆိုထားသည့် malaware တစ်မျိုးအား ပြီးခဲ့သောဧပြီတွင် ထုတ်ပြန်ခဲ့သည်ဟု Kaspersky ကထုတ်ပြန်ခဲ့သည်။ ရုရှားတိုက်ခိုက်ခံခဲ့ရမှု ရုရှားရှိ ဝန်ကြီးဌာန အများအပြားနှင့် ရထားစနစ်များသည် ဆိုက်ဘာတိုက်ခိုက်ရန် ကြိုးပမ်းမှုများ ကြုံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့စဉ် ရုရှားဗဟိုဘဏ်က ၎င်းတို့၏ဘဏ်စနစ်သည် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှု ကြံုခဲ့ရကြောင်း မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားကျန်းမာရေးဝန်ကြီး လက်ထောက် နီကီတာအိုဒင့်ဆော့က ၎င်းတို့၏ ဝန်ကြီးဌာနသည် ဆိုက်ဘာတိုက်ခိုက်ရန် ကြိုးပမ်းမှုများအား အလျင်အမြန်ပင် ဟန့်တားနိုင်ခဲ့ကြောင်း Twitter တွင်ထုတ်ပြန်ခဲ့သည်။ ရုရှားအကြီးဆုံးဘဏ်ဖြစ်သော Sberbank ကလည်း ၎င်းတို့၏ဘဏ်စနစ်များထဲ ချိုးဖောက်၍ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများကို အချိန်မီသိရှိခဲ့ပြီး ကာကွယ်နိုင်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သတင်းအေဂျင်စီများက ဖော်ပြခဲ့သည်။ ရုရှားအစိုးရ ရထားပို့ဆောင်ရေး ကုမ္ပဏီကလည်း ယင်းတိုက်ခိုက်မှုတစ်ခုအား ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိခိုက်မှုပမာဏကို မထုတ်ပြန်ခဲ့ပေ။ ရုရှားအရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းရေးဌာနကမူ ၎င်းတို့၏ကွန်ပျူတာများအား ဆိုက်ဘာတိုက်ခိုက်ရန် ကြိုးပမ်းမှုအားလုံးကို ပိတ်ဆို့နိုင်ခဲ့သည်ဟုဆိုသည်။ ပြင်သစ်ကားကုမ္ပဏီ တိုက်ခိုက်ခံခဲ့ရမှု ပြင်သစ်ကားလုပ်ငန်း Renault ကကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ပြင်သစ်ရှိ ၎င်းတို့၏စက်ရုံများ လည်ပတ်မှုကို ရပ်ဆိုင်းပစ်ခဲ့ရကြောင်း ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သော်လည်း စက်ရုံမည်မျှ ပိတ်ပစ်ခဲ့ရသည်ကို မထုတ်ပြန်ခဲ့ပေ။ Writer: Ref: AFP
Source : http://ift.tt/2pvfnpO
via IFTTT
No comments:
Post a Comment