ငွေစက္ကူအတုများကို အကြောင်းပြု၍ ဘဏ်ဝန်ထမ်းအချို့က ငွေစက္ကူများကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ အခြားသော ဌာနများကလည်း ငွေစက္ကူအပေါ်တွင် ရေးခြစ်ခြင်းများ ပြုလုပ်နေသောကြောင့် ယင်းဖြစ်ရပ်တို့ကို ဗဟိုဘဏ်ဥပဒေအရ တားမြစ် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ေငွကြေး/စီမံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။ လတ်တလောတွင် ဘဏ်များရှိ ဘဏ်ဝန်ထမ်းအချို့က ငွေစက္ကူအတုဟုဆိုကာ ရဲစခန်းသို့ အကြောင်းမကြားဘဲ ကိုယ်တိုင် ဖျက်ဆီးခြင်းနှင့် အချို့သောမြို့ နယ်လျှပ်စစ်ရုံးများတွင် မီတာဆောင်ရာ၌ ကျပ်တစ်သောင်းတန် ငွေစက္ကူဆိုပါက ယင်းငွေစက္ကူပေါ်တွင် ငွေပေးသွင်းသူ၏ နေရပ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ် ရေး မှတ်ခြင်းစသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေသဖြင့် The Voice က ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ “ဒါတွေကိုမလုပ်ဖို့ အစတည်းက အမိန့် ထုတ်ထားပြီးသား။ ငွေစက္ကူအတု ဖျက်တယ်ဆိုတာ ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ အရေးယူလို့ရတယ်။ အခုက ဒါတွေကို တားမြစ်ဖို့ လုပ်မှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများကိုလည်း ငွေစက္ကူအပေါ်တွင် ရေးမှတ်ခြင်း မပြုဘဲ အခြားစာရွက်ဖြင့် ရေးမှတ်ကြရန် ပြောဆိုထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူ အတုကိစ္စနှင့် ပတ်သက်၍ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်သည့်အပြင် ပြင်ပ၌လည်း ဘီလီယံနှင့်ချီ၍ ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်း မရှိသောကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဦးအောင်ကျော်သန်းက ပြောကြားသည်။ ထို့ပြင် ကျပ်ငါးထောင်တန်၊ ကျပ်တစ်သောင်းတန် ငွေစက္ကူများကိုလည်း အတုအပလိုက်ထုတ်၍ မရစေရန် လုံခြုံရေးအပိုင်း အဆင်မြှင့်ထားသည့် ငွေစက္ကူများကို ဘဏ်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ အချို့ဘဏ်များမှာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ငွေစက္ကု အတုများကို ဖျက်စီးနေခြင်းများ ရှိသဖြင့် ဗဟိုဘဏ်က ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဘဏ်က ပိုက်ဆံအတု တွေ့ပြီဆိုရင် CID (မှုခင်းရဲတပ်ဖွဲ့) ကို အပ်ရတာပါ။ အဲဒါ သူတို့က အပေါက် ငါးပေါက်ဖောက်ပြီး လုပ်ပစ်တာ။ သူတို့ အရေးယူမယ်ဆိုတာ ကောင်းပါတယ်။ အဲဒါမှ နောက်ကြောင်းကို လိုက်လို့ရမှာပါ”ဟု ၎င်းက ပြောဆိုသည်။
Source : https://goo.gl/L6n7ze
via IFTTT
No comments:
Post a Comment