ပင်တဂွန်က IS တိုက်ခိုက်ရေးသမားများကို ထွက်ပြေးခွင့်မပြုဘဲ နေရာမှာပင် အမြစ်ပြတ် သုတ်သင်ရန် စီစဉ်နေ ပုံ - မေ ၁၉ ရက်က ဝါရှင်တန်ရှိ ပင်တဂွန်တွင် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ် Photo: AFP ထွက်ပြေး လွတ်မြောက်သွားသော နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ နေရပ်သို့ ပြန်လာမည်ကို တားမြစ်ရေးအတွက် IS အဖွဲ့ကို ဆီးရီးယားမှာပင် အမြစ်ပြတ် သုတ်သင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပင်တဂွန်အား ညွှန်ကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထိုညွှန်ကြားမှုကြောင့် ဂျီဟတ်များကို မြို့တစ်မြို့ထဲမှ ထွက်ပြေးသွားခွင့် မပေးဘဲ ထွက်ပြေးပြီးမှ လိုက်၍ ပစ်မှတ်ထားနေမည့်အစား နေရာမှာပင် တတ်နိုင်သမျှ ချက်ချင်း သတ်ဖြတ်ရမည် ဖြစ်သည်။ ယင်းကြောင့် စစ်ပွဲအတွေ့အကြုံရှိသည့် ဂျီဟတ်များသည် ဥရောပမြို့တော်များ အပါအဝင် အခြားနေရာများသို့ ၎င်းတို့၏ အတွေးအခေါ် အယူအဆများ ပြန်သယ်လာခြင်းကို တားမြစ်ရန် အရေးပေါ် လိုအပ်နေပြီဖြစ်ကြောင်းကို ထင်ရှားစေခဲ့သည်။ “IS တွေကို သူတို့ရဲ့ ခိုလှုံရာ နေရာတွေကနေ မောင်းထုတ်လိုက်ခြင်းထက် သူတို့ရဲ့ ခိုလှုံရာနေရာတွေကို ဝိုင်းရံပြီး အမြစ်ပြတ် သုတ်သင်ရမယ့် နည်းလမ်းကို သမ္မတက ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ နေရပ်ပြန်တာကို တားမြစ်ဖို့အတွက် ဖြစ်ပါတယ်”ဟု မာတစ်က ပြောကြားခဲ့သည်။ IS တို့ကို အလျင်အမြန် ချေမှုန်းပစ်မည်ဟု မဲဆွယ်စဉ်က ကတိပေးထားခဲ့သော ထရန့်သည် သမ္မတဖြစ်ပြီး မကြာမီမှာပင် ဂျီဟတ်တို့ကို သုတ်သင်ရန် ပြုပြင်ပြောင်းလဲထားသည့် အစီအစဉ်တစ်ခုကို ရက် ၃၀ အတွင်း ရေးဆွဲရေးအတွက် ၎င်း၏ စစ်ဗိုလ်ချုပ်ကြီးများကို အမိန့်ထုတ်ခဲ့သည်။ ပြန်လည် ပြုပြင်လိုက်သည့် ထိုအစီအစဉ်ကြောင့် ယခုကဲ့သို့ အမြစ်ပြတ် သုတ်သင်မည့် နည်းလမ်းသစ် ထွက်ပေါ်လာခြင်းဖြစ်ပြီး အမေရိကန်စစ်တပ် အကြီးအကဲများအနေဖြင့်လည်း စစ်ပွဲ ဆုံးဖြတ်ချက်များကို ပိုမိုလွတ်လပ်စွာ ချမှတ်နိုင်မည် ဖြစ်သည်။ နေရပ်သို့ ပြန်သွားသော နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများကို မာတစ်က မဟာဗျူဟာပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဟု ခေါ်ဆိုခဲ့သည်။ ယခု အမြစ်ပြတ် သုတ်သင်မည့် နည်းလမ်းကြောင့် ထိုနိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ နေရာပြောင်းရာမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ကာကွယ်တားဆီးပေးမည်ဟု မာတစ်က ပြောကြားခဲ့သည်။ သမ္မတ ဘာရက်အိုဘားမား လက်ထက်ကမူ အစိုးရအဖွဲ့သည် ပင်တဂွန်အပေါ်တွင် အသေးစိတ်မှစ၍ လိုက်လံကြီးကြပ် အုပ်ချုပ်နေပြီး စစ်မြေပြင်ကိစ္စများအား အတည်ပြုပေးရာတွင် ရှည်လျားသော လုပ်ငန်းစဉ်များကြောင့် နှောင့်နှေးမှုများဖြစ်ခဲ့ရသည်ဟု ဝေဖန်သူများက ဆိုကြသည်။ Writer: Ref: AFP
Source : http://ift.tt/2qEzUaK
via IFTTT
No comments:
Post a Comment