သင်္ကန်းကျွန်း၌ ကျောင်းသားသစ်များ လက်မခံနိုင်သဖြင့် တိုင်တန်းမှုများဖြစ်ပေါ် ပုံ - သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) / နန်းလွင်နှင်းပွင့် / ဧရာဝတီ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းပြောင်းကျောင်းအပ် လုပ်ကြသည့် ကျောင်းသူကျောင်းသားသစ်များကို လက်မခံနိုင်သဖြင့် ကျောင်းသားမိဘများက မကျေမနပ်ဖြစ်ပြီး မြို့နယ်ပညာရေးရုံးသို့ တိုင်တန်းမှုများ ရှိနေကြောင်း သိရသည်။ သင်္ကန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ရီရီမြင့်က “ ကျမသမီးက တောင်ကြီးကနေ ၆ တန်း ကျောင်းပြောင်းတာ၊ အဲဒါကို လက်မခံဘူး။ ဘယ်သူလာလာ လူပြည့်ပြီပဲပြောနေတယ်။ ကျမတို့က ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက် ခွဲတမ်းကျကျောင်းမှာတောင် အပ်မရတော့ ဘယ်နေရာကိုသွားအပ်ရမလဲ။ မနက်ဖြန်ပဲ ကလေးက ကျောင်းတက်ရတော့မယ်” ဟု ပြောသည်။ ကလေးကျောင်းအပ်မရခဲ့သည့် အခြားမိဘ ၂ ဦးနှင့်အတူ ဒေါ်ရီရီမြင့်က မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက် တိုင်တန်းခဲ့ရာတွင် ပညာရေးမှူးရုံးမှ ကျောင်းသားဦးရေ ပြည့်နေသဖြင့် လက်မခံနိုင်တော့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောသည်ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက်များတွင် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အထက်တန်းကျောင်းခွဲမှာ ဘာသာခြားများကို ခွဲခြား၍ ကျောင်းအပ်လက်မခံသည့်အပြင် ကျောင်းသူကျောင်းသားသစ်များကို ကျောင်းအပ်ရာတွင် လက်မခံကြောင်း ရေးသားဖော်ပြမှုများ ပျံ့နှံ့လျက်ရှိသည်။ သင်္ကန်းကျွန်း အမှတ် (၅) အထက်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စောက “တိုင်တယ်ဆိုတာက ကျမတို့က လက်မခံနိုင်တဲ့ အခြေအနေမှာ သူတို့ကလာတယ်။ လာသမျှမိဘကို ကျောင်းသားတွေ ပြည့်နေတဲ့အကြောင်း ရှင်းပြတယ်။ ကျောင်းမှာ ထွေထွေထူးထူး မဖြစ်သွားဘူး။ အခြေအနေအားလုံးကို ကျမက ပြေပြေလည်လည်ပဲ ရှင်းပြပါတယ်” ဟု ပြောသည်။ သင်္ကန်းကျွန်း အမှတ် (၅) အထက်တန်းကျောင်းခွဲသည် ယခင်က အလယ်တန်းကျောင်းဖြစ်ပြီး ၂၀၁၆ – ၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် ၉ တန်း၊ ၂၀၁၇ – ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် ၁၀ တန်းအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး စာသင်ခန်း စုစုပေါင်း အခန်း ၅ ခန်း တိုးချဲ့၍ ထိုအတန်းများကို သင်ကြားစေခဲ့သည်။ အထက်တန်းဖြစ်သည့် ၉ တန်းနှင့် ၁၀ တန်း အတန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းအဆောက်အအုံကို တိုးဆောက်ပေးခြင်းမရှိဘဲ ယခင်ရှိနေသည့် အလယ်တန်းကျောင်းခန်းများကိုသာ ခွဲပေးလိုက်ရသဖြင့် အခန်းနေရာများ ပိုကြပ်သွားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စောက ရှင်းပြသည်။ ထိုအမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်သက်သက်က“ အရင်ကလည်း အပ်မရလို့ ပြောဆိုတိုင်တော နေကြတာပါပဲ။ ဒီနှစ်တော့ နည်းနည်းပိုဆိုးသွားတယ်။ ကျောင်းမှာက လူဦးရေများလို့ တကယ့်ကို လက်မခံနိုင်တာပါ”ဟု ဆိုသည်။ ပညာရေးဝန်ကြီးက စာသင်ခန်း ၁ ခန်းလျှင် ကျောင်းသားဦးရေ ၅၅ ဦး ထက်မပိုရဟု ညွှန်ကြားထားသော်လည်း ယခုကျောင်းအပ်လက်ခံသည့် အချိန်တွင် ကျောင်းသားသစ် အများအပြား လာအပ်ကြသဖြင့် တချို့အတန်းများတွင် ကျောင်းသားဦးရေ ၆၀ အထိ လက်ခံထားရကြောင်း ဒေါ်သက်သက်က ဆက်ပြောသည်။ ဒေါ်သက်သက်က “ကြပ်ညှပ်နေတော့ ကလေးတွေက စာလည်းစိတ်မဝင်စားတော့ဘူး။ ကျောင်းမှာလည်း ပင်စင်ယူသွားတဲ့ ဆရာမတွေ အစားပြန်မရဘူး။ မနှစ်က ၃ ယောက်၊ ဒီနှစ်ထဲမှာ ၂ယောက် ထပ်ပင်စင်သွားဦးမယ်။ ဆရာမရှိတယ်ဆိုရင် အခန်းတိုးထားလို့ရတယ်။ အဲဒါကြောင့် ဆရာမတို့က လူဦးရေကို အများကြီး လက်မခံနိုင်တာပါ” ဟု ပြောသည်။ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အပြင် ရန်ကုန်မြို့တွင်း တောင်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင်လည်း ကျောင်းသားသစ်များ လက်မခံနိုင်တော့သည့် ကျောင်းတချို့ ရှိနေကြောင်း သိရှိရသည်။ သင်္ကန်းကျွန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီက “ မေလ ၂၅ ရက်တည်းက ကျောင်းအပ်လို့မရလို့ဆိုပြီး လာကြတယ်။ ဒီနေ့တရက်တည်းမှာ အနည်းဆုံး ၂၅ ဦး ကျော်လောက်ရှိတယ်။ ကျမလည်း လာရောက်သမျှ ကျောင်းသားမိဘတွေကို သေချာရှင်းပြတယ်” ဟု ပြောသည်။ ကျောင်းအပ်နှံခြင်းကာလမတိုင်မီ မတ်လနှင့် ဧပြီလတို့တွင် အမှတ် (၅) ကျောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက် အတွင်း ကျောင်းသားစာရင်း ကောက်ခံခဲ့ရာ ၂၇၀၀ ဦးရေခန့်သာ ရှိပြီး ကျောင်းအပ်ရာသီ ရောက်မှ ကောက်ယူထားသည့် စာရင်းများထက် ပိုများလာကြောင်း၊ အများစုမှာ အထပ်မြင့်တိုက်ခန်းများ တွင် အိမ်ငှားစာချုပ်များဖြင့် နေထိုင်ကြ သူများ၊ နယ်မှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်ဟု ဒေါ်ခင်နှင်းရီက ဆိုသည်။ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းသားသစ် ထပ်မံလက်မခံနိုင်တော့သဖြင့် ကျောင်းအပ်ရန် ကျန်ရှိနေသည့် ကျောင်းသူ/သားများကို အမှတ် (၃၁) နှင့် အမှတ် (၃၃) မူလတန်းကျောင်းများကို အပ်နှံရန်၊ အလယ်တန်းနှင့် အထက်တန်းများကိုလည်း သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အခြားကျောင်းများတွင် အပ်နှံကြရန် ပညာရေးမှူး ဒေါ်ခင်နှင်းရီက ပြောသည်။ ၂၀၁၇- ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများကို ဇွန်လ ၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည် ဖြစ်သည်။ ကျောင်းအပ်ရမည့် ရက်သတ္တပတ်ကာလကို မေလ ၂၅ ရက်မှ ၃၁ ရက် အထိ သတ်မှတ်ထားပြီး ကျောင်းသားဟောင်းများကို ဦးစွာလက်ခံ၍ ကျောင်းသားသစ်များကို မေလ ၂၇ ရက်မှ စတင်လက်ခံခဲ့ကြောင်း သိရသည်။
Source : https://goo.gl/LWwNWM
via IFTTT
No comments:
Post a Comment